DVB Logo
Home
Lead Story
ကြွေပန်း မျိုးစိတ်သစ်ကို မှတ်တမ်းတင်နိုင်ခဲ့ သူ လူငယ် သုတေသန ပညာရှင် မမြဘုန်းမော် 
DVB
·
November 4, 2023
ကြွေပန်း မျိုးစိတ်သစ်ကို မှတ်တမ်းတင်နိုင်ခဲ့ သူ လူငယ် သုတေသန ပညာရှင် မမြဘုန်းမော် 
Donate to DVB

ပြီးခဲ့တဲ့လပိုင်းက မြန်မာနိုင်ငံရဲ့ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနယ်ပယ်အတွက် မှတ်တမ်းသစ်တစ်ခုကို လူငယ်တစ်စုက စိုက် ထူနိုင်ခဲ့ပါတယ်။    

အဲ့ဒါကတော့ အခြားဘယ်ဒေသမှာမှ မတွေ့ရသေးတဲ့ ကြွေပန်းမျိုးစိတ်ကို NSCI (Native Species Conservation and Identification in Myanmar) ဦးဆောင်သူနဲ့ လူငယ်သုတေသနပညာရှင်တွေဖြစ်တဲ့ မမြဘုန်းမော်၊ ကိုခန့်ဇော်ဟိန်း၊ ကိုမင်းခန့်နိုင်တို့က ပထမဆုံးအနေနဲ့ဖော်ထုတ်ပြီး မြန်မာနိုင်ငံရဲ့ မျိုးစိတ်သစ်အဖြစ် သတ်မှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပင်စည်ထိပ်ကနေ ပန်းခိုင်ထွက်ရှိပြီး ပေါက်ရောက်ရာ ထုံးကျောက်တောင်ရဲ့အရောင်အလိုက် အရွက်အရောင် ပြောင်းလဲသွား တတ်တဲ့ သဘာဝရှိတဲ့ ကြွေပန်းမျိုးစိတ်ကို ကရင်ပြည်နယ် ဇွဲကပင်တောင်ကြောမှာ တွေ့ရတာကြောင့် ကရင်ဒေသအစွဲပြုလို့ Begonia  kayinensis လို့  သတ်မှတ်နိုင်ခဲ့ပါတယ်။

“ဒါကို မြန်မာနိုင်ငံဘက်ကနေ ပထမဆုံးမှတ်တမ်းပြီးပြီဆိုတော့ ဘယ်နေရာမှာပဲတွေ့တွေ့ ဒီမျိုးစိတ်က Begonia kayinensis  ဖြစ်ပါတယ်။” လို့ ကရင်ကြွေပန်းမျိုးစိတ်သစ်ကို ဦးဆောင်ရေးသားသူ မမြဘုန်းမော်က ပြောပါတယ်။

ပင်စည်ရဲ့ထိပ်ဖျားကနေ ပန်းခိုင်ထွက်သော ထူးခြားတဲ့ကရင်ကြွေပန်းမျိုးစိတ်သစ်  

မျိုးစိတ်သစ်ကို စတင်တွေ့

ကြွေပန်းမျိုးစိတ်တွေကို သုတေသနပြုလုပ်နေသူ အသက် ၂၈နှစ်အရွယ် မမြဘုန်းမော်က ၂၀၁၉ ခုနှစ်မှာ ကရင်ဒေသခံ အပင် မျိုးစိတ် စုဆောင်းသူတစ်ဦးဆီက ကရင်ကြွေပန်းမျိုးစိတ်ဓာတ်ပုံကို ရရှိခဲ့ပါတယ်။ ယင်းကြွေပန်းမျိုးစိတ်ကို စတွေ့ကတည်း က အခြားကြွေပန်းမျိုးစိတ်တွေထက် ထူးခြားနေတဲ့အတွက် မျိုးစိတ်သစ်ဖြစ်နိုင်မယ်လို့ ယူဆခဲ့တယ်။

ဒါပေမယ့် မျိုးစိတ်သစ်အဖြစ်အတည်ပြုဖို့က သုတေသနအချက်အလက်လိုတဲ့အတွက် အသေးစိတ်ဆက်လက် လေ့လာရမှာ ဖြစ်ပေမယ့် အခြေအနေအကြောင်းကြောင့် သုတေသနလုပ်ဖို့ကြန့်ကြာခဲ့ပြီး ၂၀၂၃ မှသာ အကောင်အထည်ပေါ်ခဲ့ပါတယ်။

ကြားထဲမှာ သုံးနှစ်နီးပါးလောက်ကြန့်ကြာနေပြီး ပြီးခဲ့တဲ့မေလမှာ မမြဘုန်းမော်နဲ့အတူ NSCI (Native Species Conserva -tion and Identification in Myanmar) အဖွဲ့က လူငယ်တွေက ကြွေပန်းမျိုးစိတ်ပွင့်တဲ့ရာသီ ဇူလိုင်လမှာ သုတေသနပြုလေ့ လာဖို့ ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။

ယင်းကြွေပန်းမျိုးစိတ် ပေါက်ရောက်ရာဒေသက ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ကြောမှာရှိတာကြောင့် စာတမ်းပြုစုရာမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ မောင်မင်းခန့်နိုင်က ယင်းကြွေပန်းမျိုးစိတ်ရှိတဲ့ သဘောဝတောထဲမှာ မှတ်တမ်းယူတာ၊ အပင်အခြေ အနေအသေးစိတ် မှတ်တမ်းတင်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

မမြဘုန်းမော်နဲ့အဖွဲ့က ကွင်းဆင်းလေ့လာမှုနဲ့ စာတမ်းရေးသားတာကို တပြိုင်နက်လုပ်ခဲ့ပြီး သြဂုတ်လအတွင်းမှာ မျိုးစိတ် သစ်အဖြစ် အတည်ပြုနိုင်ဖို့ Taiwania International Journal of Biodiversity ကိုသုတေသနစာတမ်း တင်ခဲ့ပါတယ်။

ပုံမှန်ဆိုရင် စာတမ်းတင်ပြီးတဲ့အခါ မျိုးစိတ်သစ်အဖြစ် အတည်ပြုနိုင်ဖို့ နှစ်လကနေလေးလအထိအချိန် ကြာမြင့်ပေမယ့် ကရင်ကြွေပန်းမျိုးစိတ်ကတော့ အချိန်တစ်လထဲနဲ့ မျိုးစိတ်သစ်အဖြစ်စာတမ်းထွက်ရှိခဲ့ပါတယ်။

” ဒီပန်းရဲ့ထူးခြားချက်ကြောင့်လည်းပါမယ်ထင်တယ်။ အရင်ကစာတမ်းတစ်ခုထွက်ဖို့ဆို နှစ်လကနေ သုံးလေးလ စောင့်ရတာ မျိုးရှိတယ်။ အခုကတော့ တစ်လကျော်ကျော်မှာလက်ခံလိုက်တယ်။ အတည်ပြုလိုက်တယ်ပေါ့။” လို့မမြဘုန်းမော်က ပြောပါ တယ်။

မျိုးစိတ်သစ် တစ်မျိုးမျိုးတွေ့ရှိတဲ့အခါ ဦးဆုံးတွေ့ရှိသူက သုတေသနအချက်အလက် ပြည့်ပြည့်စုံစုံနဲ့ မြန်မြန်ဆန်ဆန် ဖော် ထုတ်ရေးသားရပါတယ်။ မမြဘုန်းမော်က ကရင်ကြွေပန်းမျိုးစိတ်သစ်ကို ၂၀၁၉ ကတည်းကတွေ့ခဲ့ပေမယ့် အတည်ပြုဖို့မလုပ် ဆောင်နိုင်သေးတဲ့အပြင် ကရင်ပြည်နယ်နဲ့ နယ်နမိတ်နီးစပ်တဲ့ အိမ်နီးချင်းနိုင်ငံမှာလည်း ဒီလိုအလားတူ ကြွေပန်းမျိုးစိတ်ရှိ နိုင်တဲ့အခါ ကိုယ့်နိုင်ငံအမည်နာမနဲ့ မျိုးစိတ်သစ်အဖြစ်မှတ်တမ်းမတင်နိုင်မှာကို စိတ်ပူခဲ့တယ်လို့ဆိုတယ်။

ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ ကရင်ကြွေပန်းမျိုးစိတ်လေးက မြန်မာနိုင်ငံဒေသ ကရင်အမည်နဲ့ မှတ်တမ်းတင်နိုင်ခဲ့ပြီး အခု ချိန်ထိတော့ အိမ်နီးချင်းနိုင်ငံတွေမှာ တွေ့ရတယ်ဆိုတဲ့ မှတ်တမ်းအချက်အလက်ထွက်ပေါ်မလာသေးပေမယ့် ထိုင်းနိုင်ငံ တောင်ပိုင်းမှာလည်း ရှိကောင်းရှိနိုင်ပါတယ်လို့ ဆက်ပြောတယ်

” ကိုယ့်ထက်သုတေသန တိုးတက်တဲ့နိုင်ငံတွေအများကြီးရှိတယ်။ အပင်တွေဆို ဒီဘက်မှာရှိတာ ဟိုဘက်မှာလည်းရှိနိုင်တယ်။ ညီမအနေနဲ့ စိတ်ပူတာရှိတယ်။ ကိုယ်ရေးနေတာဆိုပေမယ့် မတင်ရသေးလို့ရှိရင် မပြီးသေးဘူး။ အတည်ပြုမှပြီးမှာ ဖြစ်တဲ့အတွက်ကြောင့်။” လို့ မမြဘုန်းမော်က ပြောပါတယ်။

ပင်စည်ရဲ့ထိပ်ဖျားကနေ ပန်းခိုင်ထွက်သော ထူးခြားတဲ့ကရင်ကြွေပန်းမျိုးစိတ်သစ်  

ဝါသနာရဲ့ခေါ်ဆောင်ရာ

မမြဘုန်းမော်က မြန်မာနိုင်ငံသစ်တောနဲ့ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ကနေ(‌ရေဆင်း)ကနေ ၂၀၁၆ခုနှစ်မှာ ဘွဲ့ရပြီးနောက် အပင်မျိုးစုံမျိုးကွဲဆိုင်ရာ သုတေသနပရောဂျက်တစ်ခုမှာပါဝင်ကာ မြန်မာနိုင်ငံမြောက်ဖျားပိုင်းက အပင်မျိုးစိတ်တွေကို ကွင်း ဆင်းလေ့လာစာရင်းကောက်တာတွေလုပ်ခဲ့ပါတယ်။

၂၀၁၈ခုနှစ်မှာ တရုတ်နိုင်ငံတက္ကသိုလ်တစ်ခုကနေ ပညာသင်ဆုရရှိခဲ့ပြီး လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာပဲ ပညာသင်ကြား ကာ အပင်မျိုးစိတ်တွေ ဆက်လက်သုတေသနပြု လေ့လာလျက်ရှိပါတယ်။

မန္တလေးတိုင်း ၊ အမရပူရမြို့နယ်မှာကြီးပြင်းခဲ့တဲ့ မမြဘုန်းမော်က ငယ်စဉ်ဘဝကအပင်တွေ၊ သုတေသနလုပ်တာတွေကို စိတ် ဝင်စားခဲ့တာတော့မဟုတ် သာမန်ကလေးသူငယ်လိုပဲ ကြီးပြင်းခဲ့တယ်။  

၁၀တန်းအောင်မြင်ပြီးနောက် တက္ကသိုလ်ရွေးချယ်ရတဲ့အခါ ဘွဲ့ရပြီးလုပ်ငန်းခွင်တန်းဝင်နိုင်တဲ့ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့သစ်တောနဲ့ပတ်ဝန်းကျင်ဆိုင်ရာက္ကသိုလ်ကနေ(‌ရေဆင်း)ကို ရွေးချယ်ခဲ့ပါတယ်။

သစ်တောနဲ့ပတ်ဝန်းကျင်ဆိုင်ရာက္ကသိုလ်တက်က ကျောင်းပြီးတဲ့နောက်အစိုးရလုပ်ငန်းခွင်ဝင်ဖို့ အခွင့်အလမ်းရှိတာကြောင့် ရွေးချယ်တက်ရောက်ခဲ့ပေမယ့် ရည်မှန်းချက်ဝါသနာရယ်လို့ ကြီးကြီးမားမားမရှိခဲ့။ ဒါပေမယ့် တတိယနှစ်မှာ ဝါသနာပါရာ ကို တွေ့ရှိလာခဲ့တယ်။

အဲ့ဒီအချိန်ကာလက မြန်မာနိုင်ငံမှာ ဇီဝမျိုးစုံမျိုးကွဲ သုတေသနပြုလုပ်တဲ့၊ ထိန်းသိမ်းတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အများ အပြား ပူးပေါင်းဆောင်ရွက်မှုတွေ တွင်ကျယ်လာတဲ့ကာလ ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းတွေမှာ ပါဝင်လုပ်ဆောင်နေတဲ့  ထိန်းသိမ်းရေးပညာရှင်တွေကို အားကျပြီး မြန်မာနိုင်ငံအနှံ့ ကွင်းဆင်းလေ့လာမှုတွေလုပ်ချင်ခဲ့တယ်။

သူ့ရဲ့ဝါသနာကို မိဘတွေကလည်း ပံ့ပိုးခဲ့ပါတယ်။ ကျောင်းပြီးတဲ့နောက် ထိန်းသိမ်းရေးစီမံကိန်းတွေမှာ internship (အလုပ် သင်)ဝင်လုပ်ခဲ့သလို ၂၀၁၇ခုနှစ်မှာ အရှေ့တောင်အာရှဇီဝမျိုးစုံမျိုးကွဲသုတေသနပရောဂျက်မှာ အလုပ်ဝင်လျှောက်ခဲ့ပါတယ်။

‌ယင်းသုတေသန ပရောဂျက်အလုပ်ခေါ်စာမှာ အမျိုးသားဦးစားပေးလို့ထည့်ပြီး ကြေညာထားပေမယ့် ဝင်လျှောက်ခဲ့ပြီး သူ့ကို ရွေးချယ်ခဲ့တဲ့ တာဝန်ရှိပုဂ္ဂိုလ်ရဲ့ယုံကြည်မှုကလည်း ဒီလမ်းကြောင်းပေါ်ကို တည့်တည့်မတ်မတ်ရောက်လာဖို့ အထောက်အပံ့ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။

” ကျောင်းပြီးခါစ မိန်းကလေးတစ်ယောက်၊ အတွေ့အကြုံမရှိတဲ့ လူငယ်တစ်ယောက်ကို  CV နဲ့ cover letter မှာ ရေးထားတာ တစ်ခုတည်းနဲ့ သူခန့်ခဲ့တာဆိုတော့ သူ့ဆီကရတဲ့ ယုံကြည်မှုကလည်း အရေးပါတဲ့အရာဖြစ်ခဲ့ပါတယ်။” လို့ မမြဘုန်းမော်က ပြောပါတယ်။

ယင်းပရောဂျက်အတွက် သုတေသနဝန်ထမ်းလေးဦးခေါ်ရာမှာ မမြဘုန်းမော် အပါအဝင်အမျိုးသားသုံးဦးကို ခန့်အပ်ခဲ့ပြီး မြန်မာပြည်မြောက်ဖျားပိုင်းမှာ အပင်မျိုးစုံမျိုးကွဲ သုတေသနတွေ လုပ်ခဲ့ပါတယ်။

သုတေသနလုပ်ရမှာ ဝေးလံခေါင်ဖျားတဲ့ တောတောင်တွေထဲ ရက်ရှည်ကွင်းဆင်းလေ့လာရတဲ့အခါ အမျိုးသမီးတွေနဲ့ မသင့် တော်တာ၊ အပင်ပန်းမခံနိုင်တာ၊ အမျိုးသမီးဖြစ်တဲ့အတွက် စီစဉ်ပေးရမယ့်ကိစ္စရပ်တွေများတာကြောင့် အလုပ်ပိုတယ်လို့ ထင်မြင်တတ်သူတွေလည်း ရှိပါတယ်။

သူကိုယ်တိုင်လည်း ဒီလိုအမြင်တွေရင်ဆိုင်ခဲ့ရပေမယ့်  မြန်မာပြည်မြောက်ဖျားပိုင်းကိုသုတေသနပြုဖို့ သွားရတဲ့အခါ အားလုံး နဲ့တန်းတူပဲ သွားလာနိုင်သလို ဖုန်းလိုင်းအင်တာနက်လိုင်းမရှိတဲ့ဒေသအထိ ရက်ရှည်ခရီးသွားရတာ သုတေသနပြုရတာ စတာတွေကို အများနဲ့တန်းတူလုပ်ဆောင်နိုင်ခဲ့ပါတယ်။

” အမြင်တွေကတော့ အများကြီးရှိပေမယ့် လုပ်နိုင်ခဲ့တယ်။ အမျိုးသမီးတွေအနေနဲ့ လုပ်နိုင်တယ်ပေါ့။” လို့ မမြဘုန်းမော်က ပြောပါတယ်။

အမျိုးသမီးတွေကို ကန့်သတ်ထားမှု

သုတေသနလုပ်ငန်းတွေနဲ့ သစ်တောထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေပါဝင်မှုနည်းသလို သစ်တောပညာရပ်ကို အမျိုးသမီးတွေ သင်ယူခွင့်ရတာ နှစ်သုံးဆယ်မပြည့်သေးပါဘူး။

သစ်တောပညာရပ်ကို ၁၈၉၈ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာသင်ကြားခဲ့ပေမယ့် အမျိုးသားများသာ တက်ခွင့်ရပါတယ်။   ၁၉၉၅ ခုနှစ်မှသာ ကျောင်းသူတွေကို ရာခိုင်နှုန်းအချိုးတစ်ခုနဲ့ စတင်ခေါ်ယူခဲ့တာဖြစ်ပြီး  အမျိုးသား ၈၀ ရာခိုင်နှုန်း အမျိုး သမီး ၂၀ ရာခိုင်နှုန်း အချိုးနဲ့ ခေါ်ယူတာဖြစ်ပါတယ်။

သစ်တောပညာမှာ နယ်ပယ်ခွဲတွေအများကြီးရှိပေမယ့် မြန်မာနိုင်ငံမှာက သစ်တောစိုက်ပျိုးပြုစုတာ သစ်ထုတ်လုပ်တာကို အဓိကထားပြီး ‌လေ့လာခဲ့သလိုဖြစ်ခဲ့တာကြောင့် တောတောင်ထဲမှာ ကွင်းဆင်းရတဲ့အလုပ်၊ သစ်တောပြုစုစိုက်ပျိုးရတဲ့ အလုပ်က အမျိုးသားတွေနဲ့ပဲ သင့်တော်မယ်လို့ ယူဆကြလို့ အမျိုးသမီးတွေ လေ့လာခွင့်မရှိခဲ့တာလို့ယူဆခဲ့ကြပါတယ်။

သစ်တောပညာနယ်ပယ်၊ ဇီဝမျိုးစုံမျိုးကွဲလေ့လာခြင်း ထိန်းသိမ်းခြင်းနယ်ပယ်တွေမှာ အမျိုးသမီးတွေလည်း တန်းတူပါဝင် ခွင့်ရသင့်သလို သင်ယူခွင့်ကန့်သတ်ချက်တွေလည်း မထားသင့်တော့ဘူးလို့ဆိုတယ်။ လိုအပ်တဲ့ လေ့လာသင့်ယူမှု၊ လေ့ကျင့်မှု တွေကတဆင့် ကျား၊မမရွေး ဇီဝမျိုးစုံမျိုးကွဲလေ့လာခြင်း၊ ထိန်းသိမ်းခြင်းကဏ္ဍတွေမှာ အရေးပါတဲ့ လူသားအရင်းအမြစ်တွေ ဖြစ်လာနိုင်ပါတယ်လို့ မမြဘုန်းမော်ကပြောပါတယ်။

မမြဘုန်းမော်က သူ့ရဲ့သုတေသနလေ့လာမှုအဖြစ် အပင်မျိုးစိတ်ရွေးချယ်ရတဲ့အခါ မျိုးစိတ်တွေမြောက်များစွာရှိတဲ့အနက် ကြွေပန်းအုပ်စုကို ရွေးချယ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာက သစ်ပင်ကြီးမျိုးနွယ်တွေနဲ့ သစ်ခွမျိုးနွယ်တွေကို အဓိကလေ့လာသူ က များပြီး ကြွေပန်းအုပ်စုကလေ့လာသူနည်းတာကြောင့် ကြွေပန်းမျိုးစိတ်ကို Research Target အဖြစ် ရွေးချယ်ခဲ့တယ်လို့ ဆက်ပြောတယ်။

ကြွေပန်းအုပ်စုက သုတေသနပြုလုပ်ဖို့စိတ်ဝင်စားစရာကောင်းတဲ့ အပင်အုပ်စုတစ်ခုဖြစ်ပြီး မျိုးစိတ်ခွဲများပြားရခြင်း အ ကြောင်းအရာ၊ ပျံ့နှံ့ပေါက်ရောက်မှုအခြေအနေ ၊ယင်းမျိုးစိတ်အုပ်စုကို စံနမူနာထားပြီးအခြားအပင်အုပ်စုတွေရဲ့ ပျံ့နှံပေါက် ရောက်မှုပုံစံ စတာတွေကို လေ့လာနိုင်တယ်လို့ဆိုတယ်။

ဒါ့အပြင်ကြွေပန်းမျိုးစိတ်က အပွင့်ဆောင်ပင်အုပ်စုမှာ ခြောက်ခုမြောက်အကြီးဆုံးအုပ်စုထဲပါဝင်နေပြီး လတိုင်းလတိုင်း မျိုး စိတ်အသစ်တွေ တိုးလာနေပါတယ်။

ဘယ်အကြောင်းအရာတွေကြောင့် (အပင်သရုပ်၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုစတဲ့အရာတွေက) လွှမ်းမိုးမှုရှိသလား၊ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတုန်းက သူတို့တွေဘယ်လိုမျိုး ယခုပျံ့နှံပေါက်ရောက်ရာဒေသတွေကို ရောက်ခဲ့လဲ၊ ဘယ်လို မျိုးပွားပြီး မျိုးစိတ်ခွဲတွေ  ဘယ်လိုကွဲပြားလာလဲ စတာတွေကို သိပ္ပံနည်းကျ သုတေသနပြုလုပ်ပြီး လေ့လာလို့ရပါတယ်။” လို့ ကြွေပန်းအုပ်စုကို သုတေသနပြုလုပ်ဖို့ စိတ်ဝင်စားခဲ့ပုံကို မမြဘုန်းမော်ကပြောပါတယ်။

ထူးခြားတဲ့မျိုးစိတ်သစ်

မျိုးစိတ်သစ်အဖြစ်သတ်မှတ်ခံရတဲ့ကရင်ကြွေပန်းမျိုးစိတ်က အခြားကြွေပန်းမျိုးစိတ်တွေထက် သရုပ်ကထူးခြားပြီး ပန်းခိုင်က ပင်စည်ရဲ့ထိပ်ဖျားကနေထွက်နေပါတယ်။ ကြွေပန်းမျိုးစိတ်က ကမ္ဘာမှာ နှစ်ထောင်ကျော်ရှိတဲ့အနက်  ပင်စည်ထိပ်ဖျားကနေ ပန်းခိုင်ထွက်တဲ့မျိုးစိတ်က ယခုတွေ့တဲ့မျိုးစိတ်နဲ့ဆို စုစုပေါင်း ငါးမျိုးပဲရှိသေးတယ်လို့ ဆိုတယ်။

မြန်မာနိုင်ငံမှာတော့ သုတေသနစာရင်းတွေအရ ကြွေပန်းမျိုးစိတ် ၉၂မျိုး ရှိပေမယ့် ကွင်းဆင်းလေ့လာမှုပိုမို ပြုလုပ် နိုင်မယ် ဆိုရင် ယင်းပမာဏ ထက်ပိုတဲ့ ဒေသမျိုးရင်း  ကြွေပန်းမျိုးစိတ်တွေ ရှိနိုင်သေးတယ်လို့ ဆက်ပြော

ရေမြေတောတောင်အခြေအနေ ကောင်းမွန်တဲ့မြန်မာနိုင်ငံက အပင်၊သားငှက်နဲ့တောရိုင်းတိရစ္ဆာန် ဇီဝမျိုးစုံမျိုးကွဲ အများ အပြား ကျက်စားနေထိုင်ပေမယ့် ဒေသရင်းမျိုးစိတ်အဖြစ်သတ်မှတ်ခံရမှုက အခြားဒေသတွင်းနိုင်ငံတွေနဲ့ယှဉ်ရင် နည်းပါးနေ ပါသေးတယ်။

ဒေသရင်းမျိုးစိတ်အဖြစ် သတ်မှတ်ခံထားရတဲ့မျိုးစိတ်အများစုကလည်း နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပရောဂျက်တွေ ပြည် တွင်းပြည်ပ ငွေကြေး လူအင်အားအထောက်အပံ့အကူအညီတွေနဲ့ သေသေချာချာကျကျနနကွင်းဆင်း လေ့လာပြီး လုပ်ကြရ တဲ့အချိန် ကရင်ကြွေပန်းမျိုးစိတ်လေးက ဒေသခံတွေရဲ့အကူအညီ၊ အွန်လိုင်းကွန်မြူနတီအချင်းချင်း ဆက်သွယ်ပြီး လုပ် ဆောင်ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ဆိုတယ်။

” ထောက်ပံ့တာတွေအများကြီးရှိတယ်ဆိုရင် ဒါကမျိုးစိတ်ရှာဖွေရရေးသားရတဲ့အခါ လွယ်ကူကောင်းလွယ်ကူလိမ့်မယ်ပေါ့။ တခြားတိုးတက်နေပြီဖြစ်တဲ့ သုတေသနတွေက အများကြီးရှိရင်ရှိမယ်။ ခက်ခက်ခဲခဲလုပ်ခဲ့ရတာတွေရှိရင်မယ် ညီမတို့အတွက် က ကရင်ကြွေပန်းကို မျိုးစိတ်သစ်အနေနဲ့ဖော်ထုတ်ဖို့ အတူပူးပေါင်းပြီးလုပ်ခဲ့ရတာ အမှတ်တရပါ။” လို့ မမြဘုန်းမော်က ပြော ပါတယ်။

ပံ့ပိုးမှုလိုနေသေး

ဇီဝမျိုးစုံမျိုးကွဲတွေ သုတေသနပြုလေ့လာတဲ့အခါ ကွင်းဆင်းလေ့လာတာနဲ့ စာရင်းပြုစုလေ့လာခြင်းက အရေးကြီးပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအခြေအနေအရ ကွင်းဆင်းလေ့လာဖို့က ငွေကြေးလူအင်အား စတဲ့အခက်အခဲတွေ အများကြီးရှိတယ်လို့ ဆိုတယ်။

ဒီအတွက်လည်း Citizen Science ဆိုတဲ့ သိပ္ပံနည်းကျသုတေသနတွေမှာမှာ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင် လုပ်ဆောင် နိုင်တဲ့ နည်းလမ်းကို အကောင်အထည်ဖော်ဖို့ NSCI (Native Species Conservation and Identification in Myanmar) ကို ဇီဝမျိုးစိတ် သုတေသနပြုသူတွေနဲ့ဖွဲ့စည်းပြီး ထိန်းသိမ်းရေးနဲ့ သုတေသနအချက်အလက်တွေမျှဝေဖို့ လုပ်ဆောင်ခဲ့တာလို့ ဆက်ပြောတယ်။

” သိပ္ပံနည်းကျသုတေသနလေ့လာမှုတွေမှာ လိုအပ်တဲ့ ဒေတာအချက်အလက်တွေကို ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု ကူညီမှု တွေကနေရယူပြီး ဒီသုတေသနလုပ်ဆောင်တဲ့နည်းစနစ်တွေကိုသိမှ ပြည်သူတွေကလည်း ထိန်းသိမ်းရေးလုပ်ငန်း တွေမှာ စိတ်ပါဝင်စားစွာနဲ့ ပူးပေါင်းလာမှာဖြစ်တယ်။” လို့ ဆက်ပြောတယ်။

NSCI ကိုဦးဆောင်သူတွေကလည်း အပင်မျိုးစိတ်၊တွားသွားသတ္တဝါ၊ သားငှက်နဲ့တောရိုင်းတိရစ္ဆာန်  စတဲ့နယ်ပယ်အသီးသီးက လူငယ်သုတေသနပြုသူတွေဖြစ်ပြီး  Native Species Conservation and Identification in Myanmar အမည်နဲ့ လှုမှု ကွန်ရက်မှာ ဂရုအဖြစ် ၂၀၂၂ စက်တင်ဘာက ဖွဲ့စည်းခဲ့ပါတယ်။

ဒေသအသီးသီးကပြည်သူတွေက မြန်မာနိုင်ငံအတွင်းက ဇီဝမျိုးစိတ်တွေရဲ့ နေရာနဲ့ဓာတ်ပုံတွေ ကို NSCI ရဲ့ ဖေ့ဘုတ်ဂရုမှာ တင်တဲ့အခါ ကျွမ်းကျင်သူတွေက မျိုးစိတ်ခွဲခြမ်းတာ၊ အချက်အလက်တွေမျှဝေတာတွေ လုပ်ဆောင်ပေးသလို ဇီဝမျိုးစိတ်တွေ အပေါ်လူတွေရဲ့အယူအဆမှားတွေ ရှိတဲ့အခါလည်း အသိပညာပေးဖြန့်ဝေတာတွေလုပ်ဆောင်နေပါတယ်။

”ဘုရားမှာ ကုန်းလိပ်တွေကို ရေကန်ထဲထည့်ထားတာရှိတယ်။ ဒါသူတို့ကျက်စားရာနေရာမဟုတ်ဘူးပေါ့။ အဲ့ဒါတွေကို ညှိနှိုင်း ပြီးတော့ လိပ်လေးတွေကိုကယ်ပေးတာ၊ နောက်အပင်တွေ အကောင်တွေနဲ့ပတ်သတ်တဲ့ အယူအဆအမှားတွေ ဥပမာ- သူ ငယ်နာပျောက်တယ်ဆိုပြီး ဒေသမျိုးရင်း ရေပုတ်သင်လေးတွေကို အခြောက်လှမ်းပြီး စားတာတွေကို အယူဆမှားတယ်ဆို တာမျိုးတွေ ပြောပြပေးတယ်။”လို့  မမြဘုန်းမော်ကပြောပါတယ်။

ရှေ့တိုးနေရင်း နောက်ပြန်ရောက်ခဲ့ရတဲ့ သုတေသနနယ်ပယ်

ဇီဝမျိုးစုံမျိုးကွဲစုံလင်ပေါများတဲ့ မြန်မာနိုင်ငံမှာသားငှက်တိရိစ္ဆာန်ရော အပင်မျိုးစိတ်တွေ သုတေသနပြုလေ့လာမှုတွေက ပြီးခဲ့ တဲ့ ၂၀၁၉ မတိုင်ခင်နှစ်တွေမှာ စာရင်းအချက်အလက်အရ အများကြီးတိုးတက်မှုရှိခဲ့ပြီး မျိုးစိတ်သစ်တွေ၊ မြန်မာနိုင်ငံမှာ  မှတ်တမ်းမတင်ရသေးတဲ့ မျိုးစိတ်တွေအတွက် သုတေသနစာတမ်းတွေလည်းအများထွက်ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီနောက်ပိုင်းကာလတွေမှာတော့ ကွင်းဆင်းလေ့လာမှုတွေ ပြန်လည်အားနည်းခဲ့ပြီး စာရင်းအချက်အလက် တိုး တက်မှုက အများကြီးမရှိဘူးလို့ဆိုပါတယ်။

ဒီအတွက်ကြောင့်လည်း ဒေသခံတွေဆီက မှတ်တမ်းရယူတဲ့နည်းလမ်းနဲ့ သုတေသနတွေကို ဆက်လက်လုပ်ဆောင်နေရ တယ်လို့ ဆက်ပြောတယ်။

” ဒေသခံတွေဆီကနေပဲ သူတို့ဆီက မှတ်တမ်းဓာတ်ပုံလေးကြည့်ပြီးတော့ပဲ မျိုးစိတ်ခွဲမယ်။ ဒေသကို အတိအကျမဟုတ် တောင် ပြည်နယ်တိုင်းဒေသကြီး မှတ်တမ်းတင်ထားရှိလို့ရတယ်ပေါ့။ မှတ်တမ်းရှိတဲ့အခါအနည်းဆုံးတော့  စာရင်းအချက် အလက် ကျန်လိမ့်မယ်ပေါ့။” လို့ မမြဘုန်းမော်ကပြောပါတယ်။

လက်ရှိမှာလည်း NSCI team  က လူငယ်ပညာရှင်တွေရဲ့ကြိုးပမ်းမှု ရလဒ်ကောင်းအနေနဲ့ ကရင်ကြွေပန်းမျိုးစိတ်သစ်အပြင် မြွေစိမ်းမြီးခြောက်မျိုးစိတ်သစ်၊ မြန်မာ့ပိုးဖလံအကြောင်း စာတမ်းစတဲ့ သုတေသနစာတမ်းတွေလည်း ထွက်ရှိထားပါတယ်။

ထိန်းသိမ်းရေးနယ်ပယ်မှာ လူငယ်တွေလည်းအများအပြားထွက်ပေါ်လာကြသလို အမျိုးသမီးတွေလည်း အမျိုးသားတွေနည်း တူ သုတေသနပြုလုပ်မှုတွေ ကွင်းဆင်းလေ့လာမှုတွေလုပ်နိုင်တဲ့ ခွန်အားရော အရည်အချင်းရောရှိတဲ့အတွက် ခွဲခြားတဲ့ အမြင်တွေမရှိဘဲ အဖွဲ့အစည်းတိုင်းမှာ ပူးပေါင်းလုပ်ဆောင်လာမယ်ဆိုရင် အနာဂတ်ကာလ ဇီဝမျိုးစုံမျိုးကွဲ လေ့လာခြင်း၊ ထိန်း သိမ်း ခြင်းလုပ်ငန်းတွေရေးမှာ ကောင်းမွန်တဲ့ရလဒ်တွေရှိလာနိုင်မှာလို့ ဆိုတယ်။

မမြဘုန်းမော်က သူ့လေ့လာနေတဲ့ ကြွေပန်းအုပ်စုအပါအဝင် အခြားအပင်မျိုးစုံမျိုးကွဲတွေကိုဆက်လေ့လာပြီး ပြည်သူတွေကို ဗဟုသုတဖြန့်ဝေတာအပြင် citizen science အပေါ်မူတည်ပြီးတော့ ဒေသအသီးသီးက မျိုးစိတ်သစ်ဖြစ်နိုင် တာတွေ၊ မှတ်တမ်းမရှိသေးတဲ့ မျိုးစိတ်တွေကို ရေးသားဖော်ထုတ်သွားမှာဖြစ်ပါတယ်။

"အကယ်ဒမစ်အပိုင်း၊ မှတ်တမ်းတင်ခြင်းအပိုင်းမှာ ဆက်လက်ကူညီသွားမယ်။ ကျွန်မလုပ်ဆောင်နေတဲ့ သုတေသနလေ့လာမှုတွေ ရှိမယ်၊ အဲ့ဒီကနေ လေ့လာသိရှိရမယ့် အသိပညာတွေကိုအသုံးပြုပြီး မြန်မာနိုင်ငံရဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို လေ့လာခြင်း၊ မှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းခြင်းနဲ့ဆိုင်တဲ့အလုပ်တွေကို NSCI teamနဲ့အတူတူ ဆက်လုပ်သွားဖို့ရှိပါတယ်။" လို့ မမြဘုန်းမော်က ဆိုပါတော့တယ်။

ကေခိုင်

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013