
ယူကရိန်းနိုင်ငံဆီ အနောက်နိုင်ငံတွေက ထောက်ပံ့တဲ့ လက်နက်တချို့ဟာ တရားမဝင် လက်နက် ဈေးကွက်ကတဆင့် အရှေ့အလယ်ပိုင်းဒေသဆီ လမ်းကြောင်းရှာနေပြီး တာလီဘန်တို့ ဆီ ရောင်းချနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နိုဝင်ဘာ ၃ ရက်မှာ ပြောလိုက်ပါတယ်။
“အခု သူတို့က ယူကရိန်းကနေ အရှေ့အလယ်ပိုင်းကို လက်နက်တွေ ဝင်လာနေတယ်လို့ ပြောနေကြတယ်။ အဲဒါတွေက ရောင်းစားခံရလို့ပဲ" လို့ ပူတင်က ပြော ပါတယ်။
လက်နက်တွေကို တာလီဘန်တွေဆီ ရောင်းစားပြီး အဲဒီကနေ ဘယ်ကိုဖြစ်ဖြစ် ရောက်သွားနိုင် တယ်လို့ ပူတင်က ပြောပါတယ်။
ယူကရိန်းဆီ ရုရှားတပ်တွေ စေလွှတ်ပြီးကတည်းက အနောက်အင်အားကြီးနိုင်ငံတွေဟာ ရုရှားတပ်တွေကို ချေမှုန်းဖို့ ကြိုးစားတဲ့အနေနဲ့ ယူကရိန်းနိုင်ငံဆီ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ လက်နက်တွေ ပေးပို့ခဲ့ပါတယ်။
ယူကရိန်းက သူတို့ကိုပေးတဲ့ ဘယ်လက်နက်မဆို တင်းတင်းကျပ်ကျပ် ထိန်းချုပ် ထားတယ်လို့ ပြောပေမယ့် အနောက်နိုင်ငံ လုံခြုံရေးအရာရှိတချို့က စိုးရိမ်နေတာပါ။
ပိုကျယ်ပြန့်လာတဲ့ အကျင့်ပျက်ခြစားမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ပိုမိုလုပ်ဆောင်ရေး အမေရိကန်က ယူကရိန်းကို တောင်းဆိုထားပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လမှာ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်ရဲ့ အကြီးအကဲ ယာဂံ စတော့ခ်က ယူကရိန်းဆီ ပေးပို့တဲ့ ခေတ်မီလက်နက်တချို့ဟာ အုပ်စုဖွဲ့ ရာဇ၀တ်ဂိုဏ်းတွေရဲ့ လက်ထဲမှာ အဆုံးသတ် သွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
Source/Photo-Reuters










