DVB Logo
Home
မြန်မာသတင်း
တီးတိန်တွင် စစ်တပ်ဂိတ် တိုက်ခိုက်ခံရ၊ ပလက်ဝတွင် လယ်ဧက ၁,၀၀၀ ကျော် ပစ်ထားရ
DVB
·
November 4, 2023
တီးတိန်တွင် စစ်တပ်ဂိတ် တိုက်ခိုက်ခံရ၊ ပလက်ဝတွင် လယ်ဧက ၁,၀၀၀ ကျော် ပစ်ထားရ
Donate to DVB

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ကလေး-ဟားခါး ကားလမ်းပိတ်ထားရသလို ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာတော့ ၂၀၁၉ ခုနှစ် ကတည်းက ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် ဒေသခံတွေရဲ့ လယ်ဧက ၁,၀၀၀ ကျော် ပစ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တီးတိန်မြို့နယ်၊ သိုင်းငင်ကျေးရွာက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၃ ရက် မနက် ၈ နာရီလောက်မှာ PDF-Zoland နဲ့ CDF Siyin ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

သိုင်းငင်စစ်ဆေးရေးဂိတ်ဟာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဖြတ်သွားတဲ့ ကားတွေကို စစ်ဆေးနေတဲ့ ဂိတ်ဖြစ်ပြီး စစ်ကောင်စီတပ်သားအင်အား အယောက် ၄၀ နီးပါး ရှိတဲ့ဂိတ်ဖြစ်ပါတယ်။

PDF Zoland တပ်ဖွဲ့ဝင်တယောက်က “မနက် ၈ နာရီမှာ ကျနော်တို့ ဝင်တိုက်တယ်။ နေ့လယ် ၁၂ နာရီလောက်အထိ တိုက်ပွဲဖြစ်တယ်။ သူတို့ဂိတ်ရဲ့ ခြံစည်းရိုးတွေ ဝင်လိုက်နိုင်ပြီ။ အထဲထိတော့ မသိမ်းနိုင်သေးဘူး။ စောင့်ကြည့်အနေအထား ဖြစ်နေတယ်” လို့ ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်အကျဆုံးမရှိ ဆုတ်ခွာခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က ထိခိုက်ကျဆုံးမှု စာရင်းကိုတော့ မသိရသေးပါဘူး။

တိုက်ပွဲစတင်ဖြစ်တဲ့အချိန်ကတည်းက ဟားခါး-ကလေးလမ်းမှာ ခရီးသွားကားတွေ ရပ်နားထားရပြီး တိုက်ပွဲအခြေအနေငြိမ်သွားရင်တော့ လမ်းအသုံးပြုလို့ရမယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာတော့ ၂၀၁၉ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လယ်ဧက ၁,၀၀၀ ကျော် ပစ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အစပ်က ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ပလက်ဝမြို့ပေါ် ဘောလုံးကွင်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။

လယ်လှ၊ သူဌေးကုန်း၊ နှမ်းချောင်း၊ သရက်တောင်၊ အောက်သဲမဝ၊ နှမဒါ၊ စိမ်းညှင်းဝ၊ သာကာချောင်းကျေးရွာ အပါအဝင် တခြားကျေးရွာတွေက ဒေသခံတွေရဲ့ လယ်ဧက ၁,၀၀၀ ကျော် ပစ်ထားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ကျနော်တို့ရွာဘက်က လယ်ပဲ အဓိက စိုက်ကြတာ။ တိုက်ပွဲတွေဖြစ်လို့ ပြေးလာကြတော့ လယ်တွေရော နွားတွေ၊ စပါးကျီတွေ အကုန် ပစ်ထားခဲ့ရတယ်။ အခုတော့ ရွာမပြန်ရဘဲ စစ်ဘေးရှောင်နေရတုန်းပဲ။ ကိုယ့်ရွာပြန်ပြီး လုပ်စားချင်တယ်” လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်က ပြည်သူတွေဟာ လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ကျွဲ၊ နွား၊ ဆိတ် စတဲ့ တိရစ္ဆာန်တွေကိုလည်း မွေးမြူကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လတုန်းက ပလက်ဝမြို့နယ် နန်းချောင်းဝကျေးရွာကို ရက္ခိုင့်တပ်တော် (AA) က အဝင်အထွက် လုပ်တာတွေကြောင့် စစ်ကောင်စီက AA ထောက်ခံအားပေးတဲ့ကျေးရွာဆိုပြီး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀ ယောက်နဲ့ အထက် သေဆုံးပြီး အယောက် ၂၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013