
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကရင်နီ(ကယား)ပြည်နယ်မှာ တိုက်ပွဲပေါင်း ၃၁ ကြိမ် ဖြစ်လို့ စစ်ကောင်စီတပ်ဘက်က အယောက် ၄၀ ဦးသေဆုံးခဲ့ပြီး ဒီးမော့ဆိုမြို့နယ် နေရာအနှံ့အပြားမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ပြည်သူတွေ နေရပ်မပြန်ကြဖို့ နိုဝင်ဘာ ၄ ရက်နေ့မှာ ကရင်နီပြည် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေး တိုက်တွန်းထားပါတယ်။
အောက်တိုဘာလအတွင်းက ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ စစ်ကောင်စီ တပ်တို့အကြား ထိတွေ့တိုက်ပွဲပေါင်း ၃၁ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အယောက် ၄၀ သေဆုံးခဲ့တယ်လို့ KNDF က နိုဝင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဖရူဆို-ဘောလခဲလမ်းမကြီး ပြည်ထောင်စုလမ်းမကြီးတလျှောက် မာခရာရှေ့၊ လောကြေခူ၊ ထားလဲ၊ ပရယ်တော်နဲ့ နန်းဖစတဲ့ ကျေးရွာတို့မှာ ထိတွေ့တိုက်ပွဲ အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကအယောက် ၄၀ သေဆုံးခဲ့ပြီး KNDF ဘက်က ရဲဘော် ၄ ယောက်ကျဆုံးခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က ဖရူဆို အမှတ် ၁၄ လေ့ကျင့်ရေးကျောင်းက ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး ဖရူဆိုအနောက်ဘက်ခြမ်းကျေးရွာက အသက် ၈ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့ပါတယ်။
KNDF ပြန်ကြားရေးတာဝန်ခံက “သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ နာရေးအတွက် အလှူရှင်နဲ့ ချိတ်ဆက်ပြီး လုပ်အားနဲ့ကူညီပေးခဲ့ပါတယ်၊ အခု လတ်တလော ဖရူဆို-ဘောလခဲ လမ်းမကြီးကို စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးနေတယ်။ ဒေါညေးခူ၊ ထီပေါ်ဆိုဘက်မှာ တိုက်ပွဲပြန်ဖြစ်နေတယ်” လို့ ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်နေရာအနှံ့မှာလည်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်နေပြီး စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ပြုလုပ်တာတွေ၊ နေအိမ်မီးရှို့တာတွေ၊ ပြည်သူတွေကို ပစ်သတ်တာတွေ ပြုလုပ်လေ့ ရှိတာကြောင့် နေရပ်မပြန်ဖို့ ကာကွယ်ရေးတပ်တွေက သတိပေး တိုက်တွန်းထားပါတယ်။
ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ရင်း တာဝန်ရှိသူ တယောက်က "မိုင်းတွေက တောက်လျှောက်ရှိတယ်။ ဒီးမော့ဆိုကနေ မိုးဗြဲလမ်းမကြီးတလျှောက်ပေါ့နော်။ ဖရူဆိုနဲ့ ဒီးမော့ဆိုကြားမှာလည်း မြေမြှုပ်မိုင်းတွေ ခင်းထားတာတွေရှိတယ်။ သူတို့တပ်စွဲထားတဲ့ နေရာတွေမှာ အများဆုံးရှိတယ်” လို့ ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတွေမှာ မြေမြှုပ်မိုင်းတွေ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို မရှင်းလင်းရသေးတာ၊ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်တာအပြင် စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်းကနေ ကျေးရွာတွေထဲ ဗုံးကြဲတိုက်ခိုက်တာ၊ လူသားဒိုင်းပြုလုပ်တာတွေကြောင့် ပြည်သူတွေ သွားလာရေးမှာ အသိ သတိရှိကြဖို့လည်း သူက ဆိုပါတယ်။
စစ်မြေပြင်နဲ့ နီးကပ်တဲ့နေရာတွေမှာ နေအိမ်ပြန်ကြည့်တာ၊ ဝင်ရောက်နေထိုင်တာ၊ ပစ္စည်းတွေ ပြန်လည်သယ်ဆောင်တာ၊ ကျေးရွာတွေထဲ သွားလာလှုပ်ရှားတာတွေ လုံးဝ မပြုလုပ်ကြဖို့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက သတိပေးတိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က စစ်ဘေးရှောင်အမျိုးသမီး ၂ ယောက် နေအိမ်ကို ပြန်ပြီး ပစ္စည်းတွေသယ်ယူချိန် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပြီး တယောက်က ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကရင်နီပြည်ထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းနဲ့ တိုက်ခိုက်တာတွေကြောင့် လူနေအိမ် ၁၇ လုံး၊ ကျန်းမာရေးအဆောက်အအုံ ၁ ခု၊ စာသင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။