DVB Logo
Home
မြန်မာသတင်း
မြိုင်၊ ဂန့်ဂေါနှင့် မုံရွာတွင် စစ်သားများ တိုက်ခိုက်ခံရပြီး ၂၅ ဦးသေဆုံး
DVB
·
November 4, 2023
မြိုင်၊ ဂန့်ဂေါနှင့် မုံရွာတွင် စစ်သားများ တိုက်ခိုက်ခံရပြီး ၂၅ ဦးသေဆုံး
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါနဲ့ မြိုင်မြို့တို့မှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရလို့ ၁၀ ယောက်ထက်မနည်းသေဆုံးပြီး အဖွားအိုတယောက်ကို သတ်ဖြတ် မီးရှို့ခဲ့သလို စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာလည်း စစ်စခန်းတိုက်ခိုက်ခံရပြီး စစ်သား ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိ ၁ ယောက် အပါအဝင် ၁၀ ယောက် ထက်မနည်း သေဆုံး၊ ၁၀ ယောက်လောက် အရှင်ဖမ်းမိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF-Column 3 ဆီကနေ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ  ပြည်သူ ၂ ယောက်လည်း သေဆုံးခဲ့တယ်လို့ သိရပြီး ရဲစခန်းတခုလုံးကို အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁၀ ယောက်လောက် ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့ပြီး ဒဏ်ရာ အခြေအနေကတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာတော့ နိုဝင်ဘာ ၂ ရက် ည ၁၂ နာရီလောက်က ပခုက္ကူမြို့ဘက်ကနေ မြိုင်မြို့ဘက်ကို ထွက်လာတဲ့ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီကား ၄ စီးကို မြိုင်မြို့နယ်၊ ကျောက်ဆောက်နဲ့ ထန်းငယ်တောရွာကြားမှာ ပဒေသာမိုင်း ၃ ပွိုင့်၊ ပေပါမိုင်း ၃ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုခက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပြီး လူနာတွေလည်း မြိုင်ပြည်သူ့ဆေးရုံကို ရောက်နေတယ်လို့ သတင်းကြားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ အထိနာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စီလောင်ကျေးရွာကို ဝင်ရောက်ပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတယောက်ကို မီးရှို့သတ်ဖြတ်ကာ နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး၊  မုံရွာ-အမြင့်လမ်းပိုင်း ညောင်ပင်သာကျေးရွာက စစ်ကောင်စီ အထိုင်ချစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့‌တွေက နိုဝင်ဘာ ၁ ရက် ညနေပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

စစ်သားတွေဘက်က အထိနာနေလို့ မအူဂိတ်က စစ်ကူတွေ ရောက်လာပြီး သေဆုံးသွားတဲ့ စစ်သားတွေနဲ့ အနီးနားရှိ အရပ်သားပြည်သူပိုင် နေအိမ် ၇ လုံးကို မီးရှို့သွားတယ်လို့ ကာကွယ်ရေးရဲဘော်တွေဆီကနေ သိရပါတယ်။

‌တိုက်ခိုက်ရာမှာ ပါဝင်တဲ့ ဗိုလ်ငယ်လေးက “RPG-7 နဲ့ အရင်ပစ်တာ ဘန်ကာကိုထိပြီး ပြိုသွားတာ။ အဲတချက်ကိုက ၃ ယောက်လောက်သေတယ်။ ပစ်တာခတ်တာတွေနဲ့ဆို ၁၅ ယောက်သေတယ်။ အတွင်းဖရဲသီး ပြောချက်အရ သေသွားကြတယ်ဆိုတာ ပိုတိကျပြောနိုင်တာ” လို့ ပြောပါတယ်။

မအူဂိတ်ကနေ စစ်ကူတွေ အချိန်မီရောက်ရှိလာပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့အတွက်ကြောင့် စစ်စခန်းကို မသိမ်းပိုက်နိုင်ဘဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Chindwin Attack Force ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ကျနော်တို့က စစ်ကြောင်း ၄ ကြောင်းနဲ့တိုက်တာ။ သူတို့ အခြေအနေမကောင်းတော့ စစ်ကူခေါ်လိုက်တာ၊ ချက်ချင်း ရောက်လာတယ်။ ဒဏ်ရာရသူတွေကိုတော့ သံချပ်ကာကား ၃ စီးနဲ့ မုံရွာဘက်ကို ပြန်သယ် သွားကြတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်-၄ တပ်ရင်း (Chindwin Attack Force)၊ မုံရွာခရိုင် တပ်ရင်း-၄ ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မုံရွာခရိုင်တပ်ရင်း-၄၊ တပ်ခွဲ-၁ Spring Dove PDF၊ မုံရွာခရိုင်တပ်ရင်း-၄၊ တပ်ခွဲ-၃ Monywa Nightking PDF၊ မုံရွာခရိုင်တပ်ရင်း-၁၃၊ Monywa Special ဒိတ်ဒိတ်ကြဲ၊ မုံရွာခရိုင်ပကဖ၊ 5/UG Task Force၊Monywa Commando Force၊ Unity Force၊ SRDF ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒဿ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ တိုက်ခိုက်ခံရတဲ့ ညောင်ပင်သာရွာစခန်းကို စစ်သား‌တွေ အင်အားဖြည့်ကာ ပြန်လည်တပ်စွဲထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013