DVB Logo
Home
မြန်မာသတင်း
ပဲခူးတွင် အမှိုက်ကား ပုံမှန်မလာဘဲ ငွေကိုလစဉ်ကောက်ခံ
DVB
·
November 4, 2023
ပဲခူးတွင် အမှိုက်ကား ပုံမှန်မလာဘဲ ငွေကိုလစဉ်ကောက်ခံ
Donate to DVB

ပဲခူးမြို့မှာ အမှိုက်သိမ်းယာဉ်ဟာ ပုံမှန်အမှိုက်လာမသိမ်းဘဲနဲ့ လစဉ်ပိုက်ဆံ ကောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

MJT အမှိုက်သိမ်းယာဉ်ဟာ စည်ပင်ကနေ လေလံယူပြီး အမှိုက်သိမ်း ဝန်ဆောင်မှုကို လုပ်ကိုင်နေတာဖြစ်ပြီး ရပ်ကွက်တွေမှာ တပတ်ကို ၂ ကြိမ်လောက် အမှိုက်သိမ်းမယ်လို့ ကြေညာထားပေမယ့် တကယ်တော့ မလာဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နန်းတော်ရာရပ်ကွက်နေသူတယောက်က “ရေကြီးပြီးကတည်းက အခုချိန်ထိကို တစ်ခါပဲ လာသေးတယ်။ ဒါပေမဲ့ ရေကြီးလို့ ပိုက်ဆံတော့ မကောက်ဘူး။ အရင်ကတော့ လတိုင်းပေးရတယ်။ အမတို့အိမ်က ၃၀၀၀ ပေးရတယ်။ အစပိုင်းက တပတ်ကို ၃ ခါတောင် လာပေးတယ်။ အခုနောက်ပိုင်းက လာချင်လာတယ်၊ မလာချင် မလာဘူး။ အမှိုက်ကား မလာလို့ ပိုက်ဆံလာကောက်တဲ့လူတွေကို ပြောတော့ သူတို့ကမသိဘူး။ သူတို့နဲ့မဆိုင်ဘူး လို့ ပြောတယ်။ လာရင်လည်း မနက်ပိုင်းလာလိုက်၊ ညနေပိုင်းလာလိုက်နဲ့ လာချင်သလို လာတယ်” လို့ ပြောပါတယ်။

အမှိုက်ကားသိမ်းကားဟာ အိမ်ပုံစံအခြေအနေပေါ် မူတည်ပြီး ပိုက်ဆံကောက်တာဖြစ်ပြီး တလပြီးတလ ပိုက်ဆံတိုးကောက်တာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

ရပ်ကွက်ကြီး ၂ မှာ နေထိုင်သူတယောက်က “ပိုက်ဆံကောက်ချိန်ကျရင်တော့ မှန်တယ်ဗျ။ ကျနော့်အိမ်ဆို အစက ၁၅၀၀။ နောက်ပိုင်း ၂၀၀၀ ဖြစ်သွားတယ်။ ကားကဘ တလမှာ ၃ ခါတောင် မလာဘူး။ ကျနော်တို့က လိုင်းပေါ်တင်ပြီးလည်း ပြောတယ်။ သူတို့ပိုက်ဆံ လာကောက်ရင်လည်း ပြောတယ်။ သူတို့ပြောရင် ကားပျက်နေတယ်ပဲဖြေတယ်” လို့ ပြောပါတယ်။

အမှိုက်ကားဟာ တခါတလေ တလလုံးမှာ တခါပဲ လာတာမျိုးလည်းရှိပြီး ဆီစျေး တက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိုက်ဆံကိုကျပ် ၁၀၀၀ ကနေ ၁၅၀၀၊ အခု ၂၀၀၀ ထိ တိုးမြှင့်ကောက်ခံနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက်ကြီး ၆ မှာနေထိုင်သူ အိမ်ရှင်မတယောက်က  “အမှိုက်ကားလာရင် တခါတလေ ဘာသံမှ မပေးလို့သိတောင် မသိဘူး။ အိမ်ရှေ့က ကားသံကြားလို့ ကြည့်မှသိတယ်။ အမှိုက်ကားသံ ကြားပြီဆိုလည်း အဝေးကြီးကတည်းက အိမ်ရှေ့ထွက်စောင့်နေရတယ်။ နည်းနည်းလေးတောင် မစောင့်ဘူး။ တခါတည်း မောင်းထွက်တာ” လို့ ပြောပါတယ်။

အမှိုက်သိမ်းယာဉ် MJT ဟာ ပဲခူးမြို့မှာ ၂၀၁၉ ခုနှစ်လောက်ကစလို့ အမှိုက်သိမ်းဝန်ဆောင်မှု လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုနောက်ပိုင်းမှာ ပျက်ကွက်တာတွေ များလာသလို တချို့နေရာတွေမှာတော့ ကားလုံးဝမလာလို့ ဖုန်းဆက်ပြီး လာသိမ်းခိုင်းရ တာမျိုးတွေလည်းရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013