DVB Logo
Home
မြန်မာသတင်း
CDM ပညာရေးဝန်ထမ်းများ ချေးငွေမဆပ်ပါက တရားစွဲမည်ဟု ခြိမ်းခြောက်
DVB
·
November 4, 2023
CDM ပညာရေးဝန်ထမ်းများ ချေးငွေမဆပ်ပါက တရားစွဲမည်ဟု ခြိမ်းခြောက်
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်က ပညာရေး CDM ဝန်ထမ်းတွေအနေနဲ့ အရင်ကချေးထားတဲ့ ချေးငွေတွေပြန်မဆပ်ရင် တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်ခံနေရရတယ်လို့ ပညာရေး CDM ဝန်ထမ်းတွေက ပြောပါတယ်။

ဟင်္သာတမြို့၊ လေးမျက်နှာနဲ့ ဇလွန်မြို့တို့မှာရှိတဲ့ CDM ပညာရေးဝန်ထမ်းတွေဟာ အာဏာမသိမ်းခင်နဲ့ သိမ်းခါစက မြို့နယ်သမဝါယမကနေ ချေးခဲ့တဲ့ ချေးငွေတွေကို မဆပ်ရင် တရားစွဲမယ်လို့ ခရိုင်ပညာရေးမှူးက အောက်တိုဘာ ၃၁ ရက် လစာထုတ် အစည်းအဝေးပွဲမှာ ပြောခဲ့ပါတယ်။

Non CDM ဆရာမတွေကတဆင့် ပညာရေး CDM ဝန်ထမ်းတွေကို ချေးငွေတွေ ပြန်လည်ဆပ်ဖို့ ပြောခိုင်းနေတယ်လို့ ဟင်္သာတမြို့က CDM ဆရာမတယောက်က ပြောပါတယ်။

“လစာထုတ်အစည်းအဝေးတုန်းက သူတို့ဆွေးနွေးပြီး ညီမတို့ကို အကြွေးပြန်ဆပ်ခိုင်းဖို့ အကြောင်းကြားတာပါ။ အမှန်ဆို ညီမတို့က ဆပ်စရာကို မလိုတော့တာပါ။ ဘာလို့လဲဆို လစဉ်စုတဲ့ ညီမတို့ စုငွေတွေက ချေးထားတဲ့ငွေထက် အများကြီးပိုတာလေ။ ခုမှ ဘယ်လို ထဖြစ်ပြီး ကောက်ကာငင်ကာ ဆပ်ခိုင်းတယ်တော့ သေချာမသိပါဘူး” လို့ ပြောပါတယ်။

လက်ရှိ CDM ပညာရေးဝန်ထမ်းအများစုဟာ အလုပ်အကိုင်ရှားပါးနေပြီး စားဝတ်နေရေး ခက်ခဲနေတာကြောင့် ချေးငွေအတင်းဆပ်ခိုင်းရင် အခက်အခဲရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

CDM ကနေ Non CDM ပြန်လုပ်သွားတဲ့ ဆရာ၊ ဆရာမတွေလည်း ချေးငွေတွေကို ပြန်ဆပ်နေရတဲ့အပြင် CDM လုပ်သွားတဲ့လကိုတွက်ပြီး တလအတိုး ၂ သောင်းလောက် ဆပ်နေရတယ်လို့ CDM ဆရာမတယောက်က ပြောပါတယ်။

“ပြန်ဝင်သွားတဲ့သူတွေက CDM လုပ်ထားတုန်းက လစာတွေ မရတဲ့အပြင်ကို ချေးထားတဲ့ငွေကို အတိုးနဲ့ ပြန်ဆပ်နေကြရတယ်။ အတိုးက CDM လုပ်ထားတဲ့ လအပေါ် မူတည်ပြီး တလ ၂ သောင်း ပေးရတယ်”

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆရာ၊ ဆရာမ ၂ သိန်းကျော်အထိ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်‌ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ပညာရေးစနစ် ရပ်တန့်လုနီးပါး ဖြစ်ခဲ့တယ်လို့ လက်ရှိ CDM လှုပ်ရှားမှုမှာ‌ ပါဝင်နေတဲ့ ဆရာ၊ ဆရာမတွေက ပြောပါတယ်။

အာဏာသိမ်းကာလ ၂ နှစ်ခွဲကျော် ကာလအတွင်း ပညာရေးကဏ္ဍက ဆရာ၊ ဆရာမ ၁၃၀,၀၀၀ ကျော်ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ဆက်လက် ပါဝင်နေဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အောက်တိုဘာ ၅ ရက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်မှာ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013