DVB Logo
Home
နိုင်ငံတကာ
နီပေါ၌ အင်အားပြင်း ငလျင် လှုပ်ပြီး လူ ၁၂၈ ဦး သေဆုံး
DVB
·
November 4, 2023
နီပေါ၌ အင်အားပြင်း ငလျင် လှုပ်ပြီး လူ ၁၂၈ ဦး သေဆုံး
Donate to DVB

နီပေါနိုင်ငံအနောက်ပိုင်း တောင်ကုန်းခရိုင် ဂျာဂျားကော့ထ်မှာ သောကြာနေ့ ညသန်းခေါင်ယံမှာ အင်အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့ပြီးနောက် အနည်းဆုံး လူ ၁၂၈ ဦး သေဆုံးပြီး ရာနဲ့ချီတဲ့ လူအများအပြားလည်း ဒဏ်ရာရရှိခဲ့ကြကြောင်း ဒေသဆိုင်ရာ မီဒီယာတွေက စနေနေ့မှာ ဖော်ပြပါတယ်။

မြို့တော် ခတ္တမန္ဒူရဲ့ အနောက်ဘက် ကီလိုမီတာ ၅၀၀ အကွာမှာ တည်ရှိတဲ့ ကာနလီပြည်နယ်ရဲ့ ဂျာဂျားကော့ထ်ခရိုင်မှာ နိုဝင်ဘာ ၃ ရက် ည ၁၁ နာရီ ၄၇ မိနစ်မှာ ငလျင်လှုပ်ခတ်ခဲ့တာပါ။ 

လူဦးရေ ၁ သိန်း ၉ သောင်း ရှိတဲ့ ဂျာဂျားကော့ထ်ခရိုင်နဲ့ ကျေးရွာတွေဟာ တောင်ကုန်းတွေမှာ ပြန့်ကျဲနေတာကြောင့် ငလျင်ဗဟိုချက်အနီးက ဧရိယာတွေကို ဆက်သွယ်သွားရောက်ဖို့ မလွယ်ဘူး လို့ ဒေသခံ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ကျေးရွာ အဆောက်အအုံတွေနဲ့ နေအိမ်တွေလည်း ပြိုကျပြီး အုတ်ပုံ၊ အပျက်အစီးပုံတွေ ဖြစ်ကုန်တာကို နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းက ရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာ မြင်တွေ့ရပါတယ်။

ဂျာဂျားကော့ထ်ခရိုင်နဲ့ သူ့အနီးနားရှိ ရူကွမ်းခရိုင်မှာ အသေအပျောက် အများဆုံးနဲ့ အပျက်အစီး အများဆုံး တွေ့ခဲ့ရပြီး အပျက်အစီးတွေအောက်မှာ နစ်မြုပ်နေသူတွေကို ရှာဖွေမှုတွေ ဆက်လုပ်ဆောင်နေတာကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူ တွေက သတိပေးထားပါတယ်။ 

နီပေါဝန်ကြီးချုပ် ပွတ်ရှ်ပါး ကာမလ် ဒါဟဲလ်က ငလျင်ကြောင့် အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးရတဲ့အတွက် စိတ်မကောင်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်း တွေကို ချက်ချင်းဆောင်ရွက်ကြဖို့ အမိန့်ပေးခဲ့ကြောင်း X လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

နီပေါဝန်ကြီးချုပ်ဟာ စနေနေ့ မနက်ပိုင်းမှာ ကျန်းမာရေး ဝန်ထမ်းတွေနဲ့အတူ ငလျင်ဘေးသင့်ဒေသ ကို သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ရဟတ်ယာဉ်တွေကို ခေါ်ယူထား ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာရယန် ပရာဆဒ် ဘတ်တာရီက ပြောပါတယ်။

ငလျင်ပြင်းအား ၆ ဒသမ ၄ ရစ်ချ်တာစကေး ရှိကြောင်း နီပေါနိုင်ငံ အမျိုးသား ငလျင်ဗဟိုဌာနက ပြောကြားခဲ့ပေမယ့် ဂျာမန် ဘူမိသိပ္ပံဆိုင်ရာ သုတေသနဌာန (GFZ) က နောက်ပိုင်းမှာ ပြင်းအား ၅ ဒသမ ၇ ကို အဆင့်လျှော့ချခဲ့ပြီး အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက ပြင်းအား ၅ ဒသမ ၆ ရှိတဲ့ ငလျင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

၂၀၁၅ ခုနှစ်ကလည်း နီပေါမှာ ငလျင် ၂ ကြိမ် လှုပ်ခဲ့ပြီး လူ ၉ ထောင်လောက် သေဆုံးခဲ့ပါတယ်။ မြို့တော်တခုလုံး၊ ရာစုနှစ်ချီ သက်တမ်းရှိ ဘုရားကျောင်းတွေနဲ့ တခြားသမိုင်းဝင်နေရာတွေ အကုန်လုံး အပျက်အစီးပုံအဖြစ် ကျန်ခဲ့ရတာပါ။ အိမ်ခြေ တသန်းကျော် ပျက်စီးခဲ့ပြီး စီးပွားရေးအရ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ကုန်ကျခဲ့ပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013