DVB Logo
Home
မြန်မာသတင်း
ဆဒုံးနှင့် မိုးကောင်းတွင် စစ်စခန်းများတိုက်ခိုက်ခံရ၊ မိုးညှင်းအခွန်ရုံး ဗုံးပေါက်
DVB
·
November 4, 2023
ဆဒုံးနှင့် မိုးကောင်းတွင် စစ်စခန်းများတိုက်ခိုက်ခံရ၊ မိုးညှင်းအခွန်ရုံး ဗုံးပေါက်
Donate to DVB

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နဲ့ မိုးကောင်းမြို့နယ်တို့မှာ စစ်ကောင်စီစခန်းနဲ့ ပြည်သူ့စစ်စခန်းတွေ တိုက်ခိုက်ခံရပြီး မိုးညှင်းမြို့မှာလည်း အခွန်ဦးစီးမှူးရုံး ဗုံးပေါက်ခဲ့ပါတယ်။

ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တည် ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီ စုပေါင်း စစ်ဆေးရေး ဂိတ်ကို နိုဝင်ဘာ ၃ ရက် မနေ့က KIA က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အပါအဝင် တခြားဝန်ထမ်းတွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “မနက် ၇ နာရီလောက်က စုပေါင်းဂိတ်ကို KIA က လာတိုက်တာ။ ခဏပဲ ပစ်သွားတာ။ အဲဂိတ်က စစ်ဆေးရေးလုပ်တဲ့ ရဲတွေ အဖမ်းခံရတယ်။ နောက် အဲဒီမှာ ထိုင်တဲ့သူတွေကိုလည်း ဖမ်းသွားတယ်။ အားလုံး ၅ ယောက်လောက် ပါသွားတယ်။ ဘယ်ဖမ်းသွားလဲတော့ မသိဘူး” လို့ ပြောပါတယ်။

ဆဒုံး စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီး  ရဲ ၂ ယောက်၊ လဝက ဝန်ထမ်းတွေနဲ့ တခြားသူတွေ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် ဒီဗွီဘီအနေနဲ့ အတည်ပြုဖို့ ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့  အောက်တိုဘာ ၁၂ ရက် ကလည်း ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာက စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် စစ်ဆေးရေးဂိတ်ကို ကချင်လွတ်မြောက်ရေးတပ် KIA က  ဒရုန်းနဲ့ ဗုန်းကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။

ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တည် လမ်းမှာ စစ်အာဏာမသိမ်းခင်က စစ်ကောင်စီတပ်ရဲ့ ဝါရှောင် စုပေါင်းဂိတ်နဲ့ ဆဒုံး စုပေါင်းဂိတ်တို့ပဲရှိပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆေးရေးဂိတ် ၁၀ ဂိတ်ထက် မနည်းဖွင့်လာပြီး မော်တော်ယာဉ်တွေဆီက ငွေကြေးကောက်ခံနေတာဖြစ်ပါတယ်။

မိုးကောင်းမြို့နယ်မှာလည်း နိုဝင်ဘာ ၃ ရက် နေ့လယ်ပိုင်းက တောင်နီကျေးရွာမှာရှိတဲ့  စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ယောက်သေဆုံး၊ ၂ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်နီရွာ ဒေသခံတယောက်က “တိုက်ခိုက်ခံရတဲ့နေရာက အရင်က အုပ်ချုပ်ရေးမှူးရုံး ဟုတ်တယ်။  အခုနောက်ပိုင်း  ပြည်သူ့စစ်စခန်းဖြစ်သွားတာ။  ပြည်သူ့စစ်အဖွဲ့ဝင်ကတော့ အများကြီးရှိမနေဘူး။ အဲဒါ နေ့လယ် ၁ နာရီခွဲလောက်က ဒရုန်းနဲ့ ဗုံးလာချသွားတာ။ ပြည်သူ့စစ်တယောက် သေတယ်။ ၂ ယောက်လောက်က ဒဏ်ရာ ရသွားတယ်” လို့ ပြောပါတယ်

အဲဒီစခန်းကို မိုးကောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ပြီး ၁ ယောက် သေ၊ ၂ ယောက် ဒဏ်ရာရတယ်လို့လည်း KPDF Mogaung က ထုတ်ပြန်ထား ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်ကလည်း   မိုးကောင်းမြို့၊ အမှတ် ၁ အထက်တန်းကျောင်းမှာ ကျောင်းလာကြိုတဲ့ ခလရ ၇၄ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို မိုးကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး MA1 သေနတ်တလက်နဲ့ MA3 သေနတ်တလက် သိမ်းဆည်းသွားခဲ့ပါသေးတယ်။

မိုးညှင်းမြို့မှာလည်း နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက မြို့နယ်အခွန်ဦးစီးမှူးရုံးမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

နတ်ကြီးကုန်းရပ်ကွက်မှာရှိတဲ့  မိုးညှင်းမြို့နယ်အခွန်ဦးစီးဌာနရုံးကို  ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ KPDF က မိုင်းဖောက်ခွဲခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

“မနက် ၆ နာရီလောက်က အခွန်ရုံးမှာ ဗုံးပေါက်တာ။ အဲဒီအချိန်က ရုံးဝန်ထမ်းတွေ မရှိတော့ ထိခိုက်မှုတော့ မရှိဘူး။ PDF အဖွဲ့က ထောင်ထားတဲ့ ဗုံးပေါက်သွားတာပါ။ အဝင် တံခါးနားမှာ ပေါက်ကွဲသွားတာ။ အသံကတော့ တစ်မြို့လုံး ကြားရတယ်” လို့ ပြောပါတယ်။

မိုးညှင်းပြည်သူ့ကာကွယ်ရေးတပ်ကလည်း ပြည်သူလူထုအပေါ် မတရား အခွန် ကောက်ခံတာ မလုပ်ဖို့အတွက် သတိပေးတာဖြစ်ပြီး လက်နက်ကိုင်မဟုတ်တဲ့ အခွန်ဦးစီးဌာန ဝန်ထမ်းတွေကို မထိခိုက်စေလိုတဲ့အတွက် အသံမိုင်းနဲ့ ဖောက်ခွဲတာလို့ ထုတ်ပြန်ပါတယ်။

ပြည်သူတွေအပေါ် ထပ်ပြီး မတရား အခွန်ကောက်ခံနေရင်တော့ ပြင်းထန်တဲ့ အရေးယူတာတွေ လုပ်မယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကလည်း အရင်က သတင်းထောက်ဖြစ်ခဲ့ပြီး ဓာတ်ပုံဆိုင်ဖွင့်ထားသလို အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြည်သူ့တော်လှန်ရေး ဘက်တော်သားတွေကို အမျိုးမျိုးအဖုံဖုံ ဒုက္ခပေးနေတဲ့ မိုးညှင်းမြို့နယ်က စစ်ကောင်စီ သတင်းပေး ဦးသန်းထွန်းအောင် ဆိုသူကို ပြည်သူ့ကာကွယ်ရေးတပ် မိုးညှင်း KPDF က သုတ်သင် ရှင်းလင်းခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013