
တရုတ်-မြန်မာ အဓိကနယ်စပ်လမ်းမတခုဖြစ်တဲ့ ကံပိုင်တည်–မြစ်ကြီးနားလမ်းပေါ် ဆဒုံးမှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ဇူလိုင် ၇ ရက် မနက်ပိုင်းက လမ်းပြိုကျပြီး ကားတွေ သွားမရတော့ဘူးလို့ ခရီးသွားကားသမားတွေဆီက သိရပါတယ်။
ခရီးသွားအမျိုးသားတယောက်က “လမ်းပြိုသွားတာ ဘယ်လိုမှ မရတော့ဘူး၊ အနက်ကြီးပဲ။ ဆဒုံးမြို့ထိပ်မှာပဲ။ ဆီပန့် အပေါ်နားလေးမှာပဲ" လို့ ပြောပါတယ်။
လမ်းလျှောက်လို့တောင် အဆင်မပြေတော့တဲ့အထိ ပြိုကျသွားတဲ့ အနီးတဝိုက် ကွဲအက်နေကာ ကြောင့် ဘေးဘက် တောစပ်နားကနေ လမ်းအသစ်ဖောက်ယူမှ သွားရတော့မဲ့ အနေအထား ဖြစ်သွားပြီလို့ ဆိုပါတယ်။
ကုန်တင် ယဉ်မောင်းတယောက်က "လုကြည်မှာက တောင်ပြိုတာ။ ဆဒုံးက လမ်းပြိုတာ။ ကားတွေ ပိတ်မိတယ်လေ” လို့ ပြောပါတယ်။
မနေ့က ဇူလိုင် ၇ ရက်နေ့ မနက်အစောပိုင်း ဖြစ်ပွားတာလို့ သူက ပြောပါတယ်။
မိုးထပ်ရွာရင် အဲဒီလမ်းပြိုကျသွားတဲ့နေရာ ထပ်ပြိုနိုင်ပြီး လမ်းလုံးဝပျက်သွားနိုင်တယ်လို့ နယ်စပ် ကုန်သည် တယောက်က ပြောပါတယ်။
ကချင်ပြည်နယ်မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် လမ်းပြို၊ မြေပြိုမှုတွေ ဆက်ဖြစ်ပွားနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။
ဇူလိုင် ၇ ရက်ည မိုးလေဝသခန့်မှန်းချက်အရ ကချင်ပြည်နယ်မှာ နေရာကွက်ပြီး မိုးကြီးနိုင်သလို မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေတဲ့အတွက် မိုးသည်းထန်စွာရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာနဲ့ မိုးကြိုးပစ်တာတွေပါ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။
ဒါကြောင့် တောင်ကြားလမ်းတွေ၊ တောင်တက်လမ်းတွေကို အသုံးပြုနေသူတွေအနေနဲ့ သတိထား သွားလာဖို့နဲ့ သက်ဆိုင်ရာဌာနတွေရဲ့ ထုတ်ပြန်ချက်တွေကို ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။










