DVB Logo
Home
မြန်မာသတင်း
ဆဒုံး-ကံပိုင်တည်လမ်းဘက် စစ်ကောင်စီနှင့် KIA တို့ နေ့တိုင်းနီးပါး တိုက်ပွဲပြင်းထန်
DVB
·
July 6, 2023
ဆဒုံး-ကံပိုင်တည်လမ်းဘက် စစ်ကောင်စီနှင့် KIA တို့ နေ့တိုင်းနီးပါး တိုက်ပွဲပြင်းထန်
Donate to DVB

တရုတ်-မြန်မာ ကုန်သွယ်ရာ လမ်းကြောင်းဖြစ်တဲ့ ကံပိုင်တည်ဘက် စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား နေ့တိုင်းနီးပါး တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ 

ကုန်တင်ယာဉ်မောင်းတဦးက “တိုက်ပွဲကတော့ ဖြစ်နေတာဗျ။ နေ့တိုင်းနီးပါးပဲဗျ။ သွားလို့ လာလို့ကတော့ ရတယ်ဗျ။ တိုက်ပွဲဖြစ်တဲ့အချိန်တော့ ရပ်ထားရတယ်။ ၁ ရက်နဲ့ ၂ ရက်နေ့က လေယာဉ်ရော သုံးတယ်။ ရေတံခွန်ဘက်ကို” လို့ ပြောပါတယ်။ 

ကားလမ်းပေါ်မှာ တိုက်ပွဲဖြစ်တာမျိုးရှိဘဲ တောဘက်တွေထဲမှာသာ ဖြစ်တယ်ဆိုပေမယ့် တိုက်ပွဲဖြစ်တဲ့အချိန်ဆိုရင် ကားတွေက သွားမရဘူးလို့ သူက ပြောပါတယ်။ 

နောက်ထပ် ကုန်တင်ယာဉ်မောင်းတဦးကလည်း လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ပြောပါတယ်။ 

“ကျနော် ဘွမ်တောင်မှာ အိပ်တဲ့ညကတော့ လက်နက်ကြီး ထုသံ ကြားတယ်ဗျ။ ကားသမားတွေနဲ့ ခရီးသွားလာသူတွေကို ဘာမှမလုပ်ပေမယ့် တိုက်ပွဲဖြစ်တဲ့ အသံကြားစတော့ ဘယ်သူမှ မသွားရဲဘူး။ ပြည်သူတွေနဲ့ လူနေအိမ်တွေ ထိခိုက်မှု အခြေအနေတွေတော့ မသိရဘူး။ ဘွမ်တောင်ဘက်က ပြည်သူတွေကတော့ နည်းနည်း စိုးရိမ်တာပေါ့။ အဲဘက်ကို ရောက်လာမှာ ကြောက်လို့။ လက်နက်ကြီးကျမှာစိုးလို့ စိုးရိမ်နေတာပေါ့” လို့ သူက ထပ်မံ ရှင်းပြပါတယ်။ 

လက်ရှိမှာတော့ အဲဒီလမ်းပိုင်းမှာ အသွားအလာတော့ ရှိနေတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီအနေနဲ့ ဗန်းမော်ဘက်မှာလည်း မနေ့က စစ်ကား ၁၂ စီးနဲ့ အင်အားတွေထပ်ဖြည့် စစ်ကြောင်းထိုးလာနေလို့ တိုက်ပွဲ ဆက်လက်ပြင်းထန်လာမှာ စိုးရိမ်ကြောင်း မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၄ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က ကံပိုင်တည်ဘက်ရှိ KIA ရဲ့ လဂတ်ကောင်ပို့စ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကောင်းထိုးလာတဲ့အပြင် လက်နက်ကြီးနဲ့ ဒရုန်းတွေနဲ့ တရစပ် ပစ်ခတ်ဗုံးကြဲလာတာကြောင့် အင်အားမမျှလို့ အဲဒီ ပို့စ်အသေးတခုကို ခဏတာ ရှောင်ထားတယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

ဆဒုံး-ကံပိုင်တည်လမ်း အနီးအင်ဝမ်းယန် အထက်က လဂတ်ကောင်နဲ့ အင်ဝမ်းယန်ဘက်မှာ ဇူလိုင် ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ စစ်ကောင်စီ ခမရ (၃၈၉) နဲ့ KIA တို့ အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇူလိုင် ၁ ရက်နေ့ ညနေ ၄ နာရီနဲ့ ည ၁၀ နာရီကြား စစ်ကောင်စီဘက်က လဂတ်ကောင်နဲ့ ထိန်းရော့ကောင် တကြော ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဇွန် ၃၀ ရက်နေ့က လဂတ်ကောင်၊ ထိန်းရော့ဘွမ် ရွားဟောင်း၊ အင်ဝမ်းကောင် တို့ဘက် စစ်ကောင်စီဘက်က လက်နက်ကြီး တရစပ်ပစ်ခတ်ပြီး တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကာ ဇွန် ၂၆ ရက်နေ့ကလည်း လန်န (ဆဒုံး) ရေတံခွန်နဲ့ အင်ဝမ်းယန်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်း ဂျက်လေယဉ် ၁ စီးနဲ့ အင်ဝမ်းယန်နဲ့ လဂတ်ကောင် ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013