DVB Logo
Home
မြန်မာသတင်း
လူသတ်၊ မုဒိမ်းမှု ကျူးလွန်ခဲ့သည့် စစ်တပ်အကြီးတန်း အရာရှိများကို ရာထူးတိုးပေး
DVB
·
November 3, 2023
လူသတ်၊ မုဒိမ်းမှု ကျူးလွန်ခဲ့သည့် စစ်တပ်အကြီးတန်း အရာရှိများကို ရာထူးတိုးပေး
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက စပြီးတော့ မြန်မာစစ်တပ်ရဲ့ အကြီးတန်းအရာရှိတွေထဲက ၆၀ ရာခိုင်နှုန်းကျော်က သူတို့တပ်ဖွဲ့တပ်စိတ်ကို တာဝန်ယူထားစဥ်အတွင်း လူဖျောက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု ဒါမှမဟုတ် နှိပ်စက်မှုတွေကို ဆယ်စုနှစ်နဲ့ချီ ကျူးလွန်ထားခဲ့ကြတာကို တွေ့ရှိရတယ်လို့ သုတေသန စစ်တမ်းတခုမှာ ဖော်ပြပါတယ်။

ကိုလံဘီယာ ဥပဒေနှင့် လူ့အခွင့်ရေးသိပ္ပံရဲ့ စီမံကိန်းတခုဖြစ်တဲ့ လုံခြုံရေးတပ်ဖွဲ့ စောင့်ကြည့်ရေးအဖွဲ့ Security Force Monitor ရဲ့ “ဘယ်သူအမိန့်ပေးသလဲ” လို့ အမည်ပေးထားတဲ့ သုတေသနာစာတမ်းအသစ်မှာ ခုလိုဖော်ပြလိုက်တာဖြစ်ပါတယ်။

ဒီစာတမ်းထဲမှာတော့ မြန်မာစစ်တပ်ရဲ့ အမိန့်အာဏာကွင်းဆက်နဲ့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့  စွပ်စွဲခံထားရတဲ့ အောက်ခြေစစ်သည်တွေက အကြီးတန်းစစ်အရာရှိတွေနဲ့ ဆက်စပ်မှုရှိပုံကို ဖွင့်ချထားတဲ့အပြင် စစ်တပ်အကြီးတန်းအရာရှိတွေက တပ်ဖွဲ့တပ်စိတ် တခုချင်းစီအပေါ် စီမံအုပ်ချုပ်ခဲ့တဲ့ ထိန်းချုပ်မှုပုံစံတွေကို မီးမောင်းထိုးပြထားတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ကမ္ဘာပေါ်မှာ အလျှို့ဝှက်ဆုံးနဲ့ ပွင့်လင်းမြင်သာမှုမရှိဆုံးသော စစ်တပ်တခု ဖြစ်ပြီး ဖွဲ့စည်းပုံကို ကောင်းစွာနားလည်ခြင်း မရှိခဲ့ရတာကြောင့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေဟာ အောက်ခြေစစ်သားတွေက ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ချိုးဖောက်မှုတွေကို ဗိုလ်ချုပ်ကြီးတွေနဲ့ ချိတ်ဆက်ဖို့ ကြိုးစားရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ဒီသုတေသနစာတမ်းကို ပြုစုဖို့အတွက် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဒေသခံ တက်ကြွလှုပ်ရှားသူတွေဆီက အများပြည်သူ လက်လှမ်းမီတဲ့ သတင်းအချက်အလက်တွေ (Open Source Information) ကို ရယူခဲ့ပြီး စစ်တပ်ရဲ့ နောက်ဆုံး ဖွဲ့စည်းလုပ်ဆောင်ပုံကို ပြည့်စုံစွာ စုစည်းနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

စာအုပ်တွေ၊ လွတ်လပ်တဲ့သတင်းစာတွေနဲ့ စစ်တပ်ရဲ့ မီဒီယာတွေကို သတင်း အရင်းအမြစ်တွေအဖြစ် အသုံးပြုခဲ့ကြပြီး အဆိုပါသတင်းအရင်းအမြစ်တွေက အစီရင်ခံတဲ့ တပ်ဖွဲ့တပ်စိတ်တိုင်းနဲ့ ခေါင်းဆောင်အရာရှိတွေအကြောင်းကို ၁၂ နှစ်ကျော်ကာလ တခုအကြာ ခရေစေ့တွင်းကျ အသေးစိတ် ခြေရာခံပြီး တပိုင်းချင်းစီ ဆက်စပ်ခြင်းအားဖြင့် မြန်မာစစ်တပ်ကို ပုံဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအရ မြန်မာစစ်တပ်ရဲ့ ထိပ်ဆုံးမှာ စစ်တပ်တခုလုံးကို အုပ်ချုပ်ရတဲ့ မင်းအောင်လှိုင် ရှိနေပြီး သူ့အောက်မှာတော့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ယူထားတဲ့ စိုးဝင်း ရှိနေကာ သူတို့ နှစ်ယောက်စလုံးဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ မတ် ၃၀ ရက်နေ့ကတည်းက လက်ရှိရာထူးတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့အောက်မှာတော့ အထူးစစ်ဆင်ရေးဗျူရို ၆ ခုလုံးနဲ့ စစ်ရေးချုပ် အပါအဝင် စစ်တပ်ရဲ့ အခန်းကဏ္ဍတိုင်းကို ထိန်းချုပ်တဲ့ ညှိနှိုင်းကွပ်ကဲရေးမှူးရှိနေပြီး အထူးစစ်ဆင်ရေးဗျူရို တခုစီတိုင်းက အနည်းဆုံး တိုင်းစစ်ဌာနချုပ်တခုကို ထိန်းကွပ်ထားကာ အဆိုပါ ရာထူးလက်ဝယ်ရှိတဲ့ ပုဂ္ဂိုလ်တွေက မြန်မာစစ်တပ်ရဲ့ ထိပ်ဆုံးမှာ ထိုင်နေတဲ့ စစ်ဗိုလ်ချုပ်တွေပဲ ဖြစ်တယ်လို့ သုတေသန စစ်တမ်းထဲမှာ ဖော်ပြထားပါတယ်။

အဆိုပါစစ်ဗိုလ်ချုပ်တွေအောက်မှာတော့ သူတို့ဆီကနေ အမိန့်ယူပြီး မြေပြင်စစ်ဆင်ရေး ဆောင်ရွက်တဲ့ တပ်ဖွဲ့တွေ ရှိနေပြီး အခု သုတေသနစီမံကိန်းက ၁၂ နှစ်တာ ကာလပတ်လုံး တပ်ဖွဲ့တပ်စိတ်တခုစီရဲ့ ရွေ့လျားမှုတွေ၊ ဖွဲ့စည်းပုံအရ အမိန့်အာဏာပိုင်း ဆက်စပ်မှုနဲ့ အကြီးတန်းစစ်အရာရှိတွေရဲ့ တာဝန်သက်တမ်းတွေကို ခြေရာခံခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အချိန် ၁၂ နှစ်တာ ကာလအတွင်း စစ်တပ်အရာရှိအများစု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ လူဖျောက်မှု၊ သတ်ဖြတ်မှု၊ မုဒိမ်းမှုနဲ့ နှိပ်စက်မှုတွေကို အမိန့်ကွပ်ကဲမှု အာဏာကွင်းဆက်နဲ့ ချိတ်ဆက်နိုင်ပြီး အဆိုပါစစ်တပ်အရာရှိ အများစုက စွပ်စွဲထားတဲ့ ချိုးဖောက်မှုတွေ ဖြစ်ပြီးချိန်မှာ ရာထူးတိုးခဲ့တယ်လို့ တွေ့ရှိရပြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့ ၂၀၁၁ ခုနှစ်ကနေစပြီးတော့ စစ်တပ်တခုလုံးကို အကြီးတန်းအရာရှိ ၇၉ ယောက်ကသာ ကိုင်တွယ်ခဲ့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဆိုပါ အကြီးတန်းအရာရှိတွေထဲက ၆၄ ရာခိုင်နှုန်း (၇၉ ယောက်ထဲမှ ၅၁ ယောက်) ကတော့ လူဖျောက်မှုတွေ၊ လူသတ်မှုတွေ၊ မုဒိမ်းမှုတွေ ဒါမှမဟုတ် နှိပ်စက်မှုတွေကို သူတို့ရဲ့ အမိန့်ကွပ်ကဲမှု ကွင်းဆက်အောက်က တပ်ဖွဲ့တပ်စိတ်တွေက နှိပ်စက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ် ၃၀ ရက်ကနေ ၂၀၂၃ ခုနှစ် မတ် ၃၀ ရက်အကြား ကျူးလွန်ခဲ့တဲ့ လူဖျောက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု ဒါမှမဟုတ် နှိပ်စက်မှုတို့ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲချက်တွေဟာ အမိန့်အုပ်ချုပ်မှုပိုင်းမှာ လူပြောင်းသွားခဲ့ပေမဲ့ တူညီတဲ့ တပ်ဖွဲ့တပ်စိတ်တွေကိုသာ တစိုက်မတ်မတ် ဦးတည်ခဲ့တယ်လို့ တွေ့ရှိရပြီး အဆိုပါ ၁၂ နှစ်တာ ကာလအတွင်း စစ်တပ်အကြီးတန်းအရာရှိတွေဟာ မတူညီတဲ့ ရာထူးများစွာမှာ တာဝန်ထမ်းဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013