DVB Logo
Home
Lead Story
ဦးရဲထွဋ် ဖမ်းဆီးခံရမှု
DVB
·
November 3, 2023
ဦးရဲထွဋ် ဖမ်းဆီးခံရမှု
Donate to DVB

ဦးသိန်းစိန်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၆၄ နှစ်ရှိ ဦးရဲထွဋ်သည် ယခုအခါ စစ်အာဏာသိမ်းအဖွဲ့၏ သားကောင်ဘဝဖြင့် အင်းစိန်ထောင်သို့ ရောက်ရှိသွားပြီဖြစ်သည်။

သူ့အား ဆိုရှယ်မီဒီယာတွင် သတင်းမှားများ ဖြန့်ချိနေမှု၊ နိုင်ငံတော် (သို့မဟုတ်) မင်းအောင်လှိုင်အား အကြည်ညိုပျက်စေမှုနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ၅၀၅(က) ဖြင့် တရားလိုပြုလုပ်ပြီး တိုင်တန်းခဲ့ခြင်းကြောင့် အလုံရှိ နေအိမ်တွင် စနေနေ့ ည ၈ နာရီခန့်က လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

စစ်တပ်လိုလားသော တယ်လီဂရမ်ချန်နယ်များက ဦးရဲထွဋ်၏ပို့စ်တွင် အငြိမ်းစား စစ်အရာရှိကြီးတဦး၏ အိမ်လိပ်စာကို ဖော်ပြထားခဲ့၍ ဖမ်းဆီးရန် လှုံ့ဆော်သည့်ပို့စ်များ တက်လာပြီးနောက် ယခုလို ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ယင်းကိုကြည့်က စစ်အရာရှိကြီးများအဖို့ ၎င်းတို့ မည်သည့်နေရာတွင် နေသည်ကိုပင် အသိမခံရဲအောင် ဖြစ်နေရှာသည်ကို တွေ့ရသည်။

ဦးရဲထွဋ်သည် လက်ရှိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သွယ်ဝိုက်ရေးသားခဲ့သူဖြစ်ပြီး အများအားဖြင့် သူ၏ ခရီးသွားဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်။ အောက်တိုဘာ ၂၇ တွင် အင်းလေးကန်သို့ ခရီးအကြောင်း နောက်ဆုံး ပို့စ်တင်သွားခဲ့သူ ဖြစ်သည်။ သူသည် “ဖေ့စ်ဘွတ်ခ် ဝန်ကြီး” ဟုပင် အမည်တွင်လာခဲ့သည်အထိ ပို့စ်ပေါင်းများစွာကို ရေးသားခဲ့သူ ဖြစ်သည်။ ၂၀၁၂ တွင် အသစ်ပေါ်ပေါက်လာသော ပြည်သူ့လွှတ်တော်အား ဝေဖန်ချက်များ ရေးသားနေသည့် ဒေါက်တာဆိတ်ဖွားဟု စွပ်စွဲခံခဲ့ရသည်။

ဒုတိယဗိုလ်မှူးကြီးဟောင်းလည်းဖြစ်သူ ဦးရဲထွဋ်သည် ၁၉၇၇ ဒေါ်စိန်အေးကျောင်း အမှတ်စဉ် ၂၂ ဆင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ်မှစပြီး ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် လူထုဆက်ဆံရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ တွင် ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသူသည် မင်းအောင်လှိုင် လက်ထက်တွင် သတင်းမှားဖြန့်ချိသူ ဖြစ်သွားခဲ့ရပေပြီ။

ဦးရဲထွဋ်သည် ဦးသိန်းစိန်၏ တပည့်သားရင်းလို ဖြစ်နေသည့်အတွက်ကြောင့် မင်းအောင်လှိုင်က ထိုမျှအထိ သည်းညည်းခံခဲ့ခြင်းဖြစ်ပြီး ယခုအခါ အရှေ့မြောက်ဒေသတွင် စစ်ရေးအရ အရေးနိမ့်လာနေသဖြင့် တပ်တွင်းစည်းလုံးညီညွတ်ရေး (တိုင်းရင်းသား စည်းလုံးညီညွတ်ရေး) အတွက် မည်သို့မျှ အထိခိုက်မခံနိုင်အောင် ဖြစ်လာနေသဖြင့် ဖမ်းဆီးရန် ခွင့်ပြုလိုက်ခြင်းပင် ဖြစ်မည်ဟု ယူဆရပေသည်။

မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆယ်စုနှစ်တစုနီးပါး တာဝန်ယူလာသူ ဖြစ်ပြီး အသက် ၆၅ နှစ် ကျော်လာသည်အထိ ရာထူးက လက်မလွှတ်ရဲအောင် ဖြစ်နေသည်။ ၎င်းအဖို့က စစ်တပ်ကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်မှသာ (အချုပ်အခြာအာဏာ) ဖြစ်သည့် မိသားစု၏ အိုးအိမ်စည်းစိမ် တည်မြဲလိမ့်မည်ဟု ယူဆကာ လုံးဝလက်မလွှတ်ရဲဘဲ ရာထူးကို စွဲကိုင်ထားသူ ဖြစ်သည်။ သူ သမ္မတဖြစ်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်အဖြစ် စိတ်ချလက်ချ ထားနိုင်မည်ဟု ယူဆထားသူများလည်း ထောင်နန်းစံနေရပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် ရေငုပ်သင်္ဘောများ၊ ရုရှားလုပ် ဂျက်တိုက်လေယာဉ်များအား စိတ်ကူးယဉ်နေသူပီပီ ရေတပ်နှင့် လေတပ်ကို တိုးတက်အောင် လုပ်ပေးနိုင်ခဲ့သော်လည်း ကြည်းတပ်အား လျစ်လျူရှုထားခဲ့မှုကြောင့် တိုက်စွမ်းရည် ညံ့ဖျင်းလှသည်ကို မည်သို့မျှ လိမ်ညာ၍မရအောင် ယခုအခါ ဘွင်းဘွင်းကြီး ပေါ်လာနေပြီး ယခုလို ဖြစ်ရမှုအတွက် ၎င်းသည် တာဝန်အရှိဆုံးပုဂ္ဂိုလ်ပင် ဖြစ်သည်။ ယခင် တရုတ်ဖြူ စစ်ဆင်ရေးများ၊ ကွမ်းလုံ ရက်လေးဆယ် တိုက်ပွဲကြီးများသည် အတိတ်၏စာမျက်နှာတွင် ကျန်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဦးရဲထွဋ်သည် မင်းအောင်လှိုင်က သူ၏အာဏာတည်မြဲရေးအတွက် စစ်တပ်ကို လက်ကိုင်တုတ်အဖြစ် အသုံးချနေ၍ ဂုဏ်သိက္ခာ ညှိုးနွမ်းလာနေရသည့်အဖြစ်ကို ဆန့်ကျင်ရေးသားရဲသည့် စစ်ဘက်အရာရှိဟောင်းတဦးပင် ဖြစ်သည်။

မြောက်ပိုင်းညီနောင်များ မဟာမိတ်အဖွဲ့ဝင် MNDAA ၏ ၁၀၂၇ ထိုးစစ်တွင် သိမ်းဆည်းရမိသွားသော သံချပ်ကာယာဉ်နှစ်စီးသည် ယူကရိန်းလုပ် MT-LBMSh အမျိုးအစား ကြည်းတပ်သုံး တိုက်ခိုက်ရေးယာဉ် ဖြစ်ကြောင်းနှင့် ထိုယာဉ်များအား ၂၀၀၇ တွင် ၁၀ စီး၊ ၂၀၀၉ တွင် ၁၆ စီး တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေး စက်မှုလုပ်ငန်းများအကြောင်း သတင်းရေးသားနေသည့် MILITARNYI ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

မြင်းကောင်ရေအား ၃၃၀ ရှိ အင်ဂျင်တပ်ထားကာ တနာရီလျှင် ၆၀ ကီလိုမီတာအထိ သွားနိုင်ပြီး လူဆယ်ဦးအထိ လိုက်ပါစီးနင်းနိုင်သည်ဟု သိရသည်။

သိမ်းဆည်းရမိသွားသော သံချပ်ကာယာဉ်နှစ်စီးတွင် တစီးသည် ပြန်လည်ပြင်ဆင်သုံး၍ မရအောင် ပျက်စီးသွားသည်ဟု ဆိုသည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013