
ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ဦးကို သံတမန်နည်းလမ်းနဲ့ အမြန်ဆုံးကယ်ထုတ်ပြီး အမိမြေပြန်ပို့ပေးဖို့ ထိုင်းဝန်ကြီးချုပ်က ပန်ကြားထားကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ နိုင်းချိုင်းဝပ်ချရုန်းက ပြောပါတယ်။
ကိုးကန့်ဒေသမှာ အောက်တိုဘာ ၂၇ ရက်ကစပြီး ညီနောင်မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာကြောင့် ပြည်သူတွေပိတ်မိနေပြီး အဲဒီထဲက လောက်ကိုင်မြို့ မှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေလည်း ရာနဲ့ချီရှိနေတာပါ။
သူတို့ထဲမှာ ထိုင်းနိုင်ငံသား ၁၆၂ ဦးပါဝင်တယ်လို့ သိရပြီး သူတို့ကို သံတမန်နည်းလမ်းနဲ့ အမြန်ဆုံးကယ်ထုတ်ကာ အမိမြေပြန်ပို့ပေးဖို့ ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်က ပန်ကြားထားတာလို့ ဆိုပါတယ်။
ဝန်ကြီးချုပ်အနေနဲ့ မြန်မာပြည်ထဲက ပဋိပက္ခအခြေအနေတွေ သိရှိပါကြောင်း၊ တိုက်ပွဲဖြစ်နေတဲ့ လောက်ကိုင်မြို့မှာ ထိုင်းလူမျိုးနဲ့ နိုင်ငံခြားသားတွေ ပိတ်မိနေတယ်လို့ ရန်ကုန်မှာ ရှိတဲ့ ထိုင်းသံရုံးကလည်း အကြောင်းကြားလာတယ်၊ ထိုင်းနိုင်ငံသား ၁၆၂ ဦးပါဝင်ပြီး သူတို့ကို စောင့်ရှောက်ပေးဖို့နဲ့ ထိုင်းနိုင်ငံကို အမြန်ဆုံးပြန်ပို့ပေးဖို့ သံတမန်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်း တွေထံ အကူအညီတောင်းထားတယ်၊ ရန်ကုန်ရှိထိုင်းသံရုံးကလည်း မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ဘေးကင်းလုံခြုံတဲ့နေရာမှာ ပို့ဆောင်ထားတယ်၊ ထိုင်းကို အမြန်ဆုံးပြန် ပို့နိုင်ရေး အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတယ်လို့ နိုင်းချိုင်းဝပ်ချရုန်းက ပြောသွားပါတယ်။
မြန်မာပြည်ထဲက လက်နက်ကိုင်အဖွဲ့ထိန်းချုပ်နယ်မြေတချို့မှာ နိုင်ငံခြားသားတွေဟာ နိုက်ကလပ်၊ ကာစီနိုနဲ့ ကေတီဗွီရုံတွေမှာ အလုပ်သွားလုပ်ပြီး တချို့က လူကုန်ကူးခံရလို့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အဓ္မမလုပ်အားခိုင်းစေခံရတာလည်း ရှိနေပါတယ် ။
လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ အရှေ့အလယ်ပိုင်း အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသမှာလည်း ထိုင်းနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၂၀ ကျော် ဟားမာ့စ်အဖွဲ့ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံနေရပြီး သူတို့လွတ်မြောက်ဖို့ ထိုင်းအစိုးရရော ထိုင်းနိုင်ငံက မွတ်ဆလင်ခေါင်းဆောင်တွေကပါ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
Source: ThaiRath