DVB Logo
Home
မြန်မာသတင်း
“Operation 1027” စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ထံက သံချပ်ကာကား ၆ စီး သိမ်းဆည်းရမိ
DVB
·
November 2, 2023
“Operation 1027” စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ထံက သံချပ်ကာကား ၆ စီး သိမ်းဆည်းရမိ
Donate to DVB

မဟာမိတ်ညီနောင် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး ၇ ရက်မြောက်ဖြစ်တဲ့ နိုဝင်ဘာ ၂ ရက်အထိ ရှမ်း ပြည်နယ်မြောက်က မြို့ ၄ မြို့နဲ့ သံချပ်ကာကား ၆ စီးအထိ သိမ်းဆည်းရမိထားတယ်လို့ “Operation 1027” သတင်း ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

MNDAA၊ TNLA နဲ့ AA မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က အောက်တိုဘာ ၂၇ ရက်က စတင်ပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာမှာ   ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့တွေကို အလုံးစုံထိန်းချုပ်နိုင်ပြီလို့ နိုဝင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၃၁ ရက်နေ့က ဖောင်းဆိုင်ဒေသမှာ သံချပ်ကာ ၁ စီး ထပ်ဖမ်းမိတာကြောင့် စစ်ကောင်စီတပ်ထံကနေ သံချပ်ကာယာဉ် ၆ စီးအထိ သိမ်းဆည်းရမိထားတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

လီကျားဝေက “ချင်းရွှေဟော်နဲ့ ဖောင်းဆိုင်ကတော့ အလုံးစုံထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရတယ်ပေါ့နော်။ ဒါပေမဲ့ သိန္နီနဲ့ ကြူကုတ်ကို ကျနော်က အတည်မပြုနိုင်သေးတာပါ။ စစ်ကောင်စီဘက်ကပြောတာတော့ ကျနော်ကြားမိတယ်။ ဒါပေမဲ့ အဲဒီနယ်မြေအတွင်းမှာ စစ်ကောင်စီတပ်အင်အားတွေ ရှိသေးလား၊ မရှိဘူးလားဆိုတာ အတည်မပြုနိုင်သေးတာပါ။ ဒါကတော့ အချိန်နည်းနည်းပေးရဦးမယ်။ သံချပ်ကာကတော့ ၆ စီးသိမ်းပိုက်ရရှိတယ်။ အကောင်းကတော့ ၂ စီးလောက်ပဲကျန်ပါတယ်ဗျ။ ကျန်တဲ့ဟာတွေကတော့ နည်းနည်းလေး တော်တော်လေး ပျက်စီးနေပြီပေါ့နော် ”လို့ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ်(ပန်ဆိုင်း) မြို့ တို့ကို လက်လွှတ်လိုက်ရပြီလို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဝန်ခံပြောဆိုထားပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီအချိန်မှာတော့ အစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်တွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေ လက်လွှတ်ခဲ့ရတဲ့ နေရာရှိပါတယ်။ ဒါကတော့ ချင်းရွှေဟော်ရယ်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ်ရယ် ဒီ (၃) ခုတော့ ရှိပါတယ်”လို့ ပြည်တွင်းမီဒီယာတခုကို ပြောပါတယ်။

ချင်းရွှေဟော်နဲ့ ဖောင်းဆိုင်မြို့တွေကို ညီနောင်မဟာမိတ်တွေဘက်က ထိန်းချုပ်ထားနိုင်တာကို ဒီဗွီဘီ သတင်းရင်းမြစ်တွေက အတည်ပြုပေမယ့် သိန္နီနဲ့ ကြူကုတ်မြို့တွေဘက်ကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

နိုဝင်ဘာ ၂ ရက်နေ့ တိုက်ပွဲတွေအနေနဲ့ကတော့ ကိုးကန့်ခရိုင်၊ တုံးရှမ်းဒေသက စစ်တပ်စခန်း နှစ်ခု ကိုချေမှုန်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလားတူ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာနဲ့ အုမ္မတီးကျေးရွားကြားမှာ တပ်မ ၁၀၁ လက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခမရ ၂၅၂ တပ်တွေစခန်းချထားတဲ့ စခန်း ၁  ခုကို TNLA, MDY-PDF ပူးပေါင်းအဖွဲ့တွေက မနေ့ကတည်းကတိုက်ခိုက်နေပြီး ဒီနေ့အထိတိုက်ပွဲဖြစ်နေဆဲလို့ မန္တလေး PDF  ပြောခွင့်ရသူက ပြောပါတယ်။

မန္တလေး PDF  ပြောခွင့်ရသူ ကိုအော်စမွန်က“ပြင်ဦးလွင်ကနေ နောင်ချိုဘက်ကို တက်လာတဲ့စစ်ကောင်စီယာဉ်တန်းမှာ စစ်ကား အစီး ၃၀ နဲ့ အင်အား ၁၅၀ ဝန်းကျင်လောက် ပါမယ်။ သံချပ်ကာ ကား ၂ စီးပါမယ်ဗျ။ တက်လာတဲ့ယာဉ်တန်းကို ညနေ ၄ နာရီခွဲဝန်းကျင်လောက်မှာ စတင်ဖြတ်တောက်ပြီး တိုက်ပွဲစခဲ့တာပါ။ တိုက်ပွဲကတော့ လက်ရှိအချိန်ထိ ဆက်ပြီးတော့ ပြင်းထန်နေဆဲဖြစ်တယ်။ အသေအပျောက်စာရင်းကတော့ လောလောဆယ်အချိန်ထိ မရရှိသေးပါဘူးဗျ”လို့ ပြောပါတယ်။

ဒါ့အပြင် နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားတဲ့ “ရွှေလီကြိုးတံတား ရဲကင်း” ကို ဒီနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ ရှင်းလင်းနိုင်ခဲ့ပြီး သိန္နီနဲ့  ကွမ်းလုံမြို့တွေမှာ စစ်ရှိန်မြင့်တက်နေတယ်လို့ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်ချက်က ဆိုပါတယ်။

တိုက်ပွဲကြောင့် သိန္နီမြို့မှာ စစ်ရှောင် ၈၀၀၀ ကျော်နေပြီး၊ မြို့ထဲနဲ့ မြို့ပြင်ကို လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ အရပ်သားသေဆုံးသူ ၁၀ ယောက်ဝန်းကျင်ရှိနေပြီလို့ ဆိုပါတယ်။

သိန္နီဒေသခံ “စစ်‌ရေးကတော့ တင်းမာနေတုန်းပဲ၊ မနေ့က ညနေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးမှ သားအမိ နှစ်ယောက်သေဆုံးတာရှိတယ်။ နမ့်စလက်တိုက်နယ်မှာ နမ်ကောင်းရွာမှာ နှစ်ယောက်သေဆုံးမှုရှိတယ်။ ကျနော် တို့ လက်ရှိသတင်းက ၈ ယောက်ကနေ ၁၀ ယောက်ဖြစ်တယ်။ ဒါပေမဲ့ Update သတင်းက ဘယ်လိုမှယူလို့မရဘူး။ တခြားရွာတွေမှာလည်း ပုပ်ပွသေဆုံးထားတဲ့ အနေအထားမှာရှိတယ်။ သွားမယူဆောင်နိုင်တဲ့ အနေအထားလဲရှိတယ်ဗျ”လို့ ပြောပါတယ်။

အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ စစ်ကောင်စီဘက်ကတပ်ကူတွေပေးပို့နေပြီး တံတားဖျက်ထားလို့ မြို့တွင်းဝင်မရဖြစ်နေတဲ့ စစ်တပ်ကမြို့တွင်း၊ မြို့ပြင်နေရာတွေကို တပ်မဟာ ၁၆ ဘက်ကနေ လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်နေတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ MNDAA ထိန်းချုပ်ထားတဲ့ မြို့ပေါ်မှာတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိသေးဘဲ တိတ်ဆိတ် ငြိမ်သက်နေပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက် စစ်ဆင်ရေး ၁၀၂၇ စတင်တဲ့နေ့ကစလို့ တိုက်ပွဲတွေပြင်းထန်နေပြီး နိုဝင်ဘာ ၂ ရက်အထိဆိုရင် စခန်းကြီး၊ ငယ်ပေါင်း ၉၂ ခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီလို့ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ကထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်ပိုင်း တိုက်ပွဲတွေအတွင်း စစ်ရှောင်ဦးရေကလည်း တစ်နေ့တခြားတိုးလာနေပြီး နိုဝင်ဘာ ၁ ရက်အထိဆိုရင် ၂၀,၀၀၀ ကျော်အထိ ရှိလာကြောင်း ရှမ်းကျောင်းသား သမဂ္ဂကလည်း ထုတ်ပြန်ထားပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013