DVB Logo
Home
မြန်မာသတင်း
ဝက်လက်တွင် စစ်တပ်က ရွာမီးရှို့၊ ပဲနွယ်ကုန်းနှင့် ဖရူဆို၌  စစ်တပ် ပစ်ခတ်သဖြင့် အရပ်သားများ သေကျေ ဒဏ်ရာရ 
DVB
·
November 2, 2023
ဝက်လက်တွင် စစ်တပ်က ရွာမီးရှို့၊ ပဲနွယ်ကုန်းနှင့် ဖရူဆို၌  စစ်တပ် ပစ်ခတ်သဖြင့် အရပ်သားများ သေကျေ ဒဏ်ရာရ 
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ရှိ ပင်းဇင်းကျေးရွာနဲ့ မကျီးတုံကျေးရွာကို စစ်ကောင်စီတပ်တွေကဝင်ရောက်ပြီး ပြည်သူတွေထံက အဖိုးတန်ပစ္စည်းတွေယူသွားကာ  ၂ ရက်ဆက်တိုက် မီးရှို့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁ ရက် ညနေမှာ ပင်ဇင်းကျေးရွာကို အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်က စတင်မီးရှို့ခဲ့ပြီး နိုဝင်ဘာ ၂ ရက် မနက်ပိုင်းမှာ ထပ်မံမီးရှို့ခဲ့ပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တပ်မ အတိအကျတော့ မသိသေးပါဘူး။ အိမ်ခြေစာရင်း အတိအကျ မကောက်ရသေးပေမဲ့ အိမ်ခြေ ၈၀ လောက်တော့ ပါသွားတယ်။ သူတို့က(စစ်ကောင်စီတပ်) အဖိုးတန်တဲ့ဟာ တွေ့တာအကုန်ယူပြီး ကားနဲ့ယူ၊ မီးမရှို့ခင် ကားနဲ့အရင်ယူပြီးမှ မီးရှို့လိုက်တာ” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့မှာ ပင်းဇင်းကျေးရွာကို မီးရှို့သွားတဲ့ စစ်ကြောင်းဟာ အပြန်မှာ မကျီးတုံကျေးရွာကို ထပ်မံမီးရှို့ခဲ့ပါတယ်။

စစ်ကြောင်းထိုးပြီဆိုရင် မရှောင်တဲ့ သန်သန်မာမာလူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာနဲ့ လူသားဒိုင်းကာ လုပ်တာကြောင့်မို့လို့ ရွာသားတွေ ရှောင်နေရပြီး လယ်ကြိုလယ်ကြားမှာ နေရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။

မနေ့မနက်တုန်းက ပင်ဇင်းမှာ ရွာသား အယောက် ၅၀ လောက် မိသွားပြီး ဘုန်းကြီးတွေနဲ့ အမျိုးသမီးတွေမို့လို့ ဖမ်းမသွားဘဲ ပြန်လွှတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်က ဆက်ပြောပါတယ်။

အောက်တိုဘာ ၂၄ ရက်က ရထားလမ်းပြင်ရာမှာ လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဟာ ရွှေဘိုခရိုင် ဝက်လက်ရွဲရွာ အနောက်ဖျားရှိ တဲကို မီးရှို့ခဲ့ပြီး ဒေသခံ ၁၅ ဦးကို ဖမ်းဆီးသွားခဲ့ကာ အခု ပြန်လွှတ်ပေးပြီလို့ သိရပါတယ်။

ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့နယ်မှာတော့ ကင်ပွန်းခြုံကျေးရွာကို စစ်ကောင်စီတပ်က လွန်ခဲ့တဲ့ ၂ ရက်ခန့်ကစပြီး ၆၀ မမ နဲ့ နိုဝင်ဘာ ၂ ရက်အထိ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ပဲနွယ်ကုန်းမြို့ပေါ်ရှိ အုန်းနှဲပင်ရွာမှာ အထိုင်ချထားတဲ့ ဂိတ်ကနေ ကင်ပွန်းခြုံကျေးရွာကို အောက်တို့ဘာ ၃၁ ရက်ကစပြီး လှမ်းပစ်နေတာကြောင့် ရွာလုံးကျွတ် ရှောင်နေရတာ ဖြစ်ပါတယ်။

ကင်ပွန်းခြုံကျေးရွာ ဒေသခံတဦးက “လက်နက်ကြီး မကြာခဏပစ်တာက လွန်ခဲ့တဲ့ နှစ်လလောက်တည်းက။ ဒီရက်ထဲမှာတော့ သူတို့က ဆက်တိုက်ပစ်နေတာ။ မနေ့ကဆို ၁၀ လုံးကျော်တယ်။ တနေ့ကို အနည်းဆုံး အလုံး ၂၀ ကနေ ၃၀ ထိပစ်တယ်။ အရင်‌ကျောက်ကြီးမှာ တိုက်ပွဲဖြစ်ရင်‌တောင် အဲ့ဘက်ကလူ‌တွေက ကျနော်တို့ရွာမှာ လာနေကြရတာ” လို့ ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် အောက်တိုဘာ ၃၁ ရက်က ကင်ပွန်းခြုံကျေးရွာသားတဦး ထိခိုက်သေဆုံးကာ နိုဝင်ဘာ ၁ ရက်နေ့မှာ ကင်ပွန်းခြုံရွာဘေးက ပျဥ်းမပင်ရွာမှာ ရွာသား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

“ရွာထဲမှာ PDF က နယ်မြေစိုးမိုးထားပြီး ရွာတံတားမှာ ဂိတ်တွေလုပ်ထားတယ်။ စစ်ကောင်စီဘက်ကလူတွေ ရွာထဲဝင်လာတယ် အယောင်ပြပြီး PDF ကလည်း ရွာထဲဝင်လာတဲ့အချိန်မှာ ရွာကိုပစ်တာ” လို့ ဒေသခံက ဆက်ပြောပါတယ်။

ကင်ပွန်းခြုံရွာဟာ လက်ရှိအချိန်မှာ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ခံထားရပြီး လက်နက်ကြီး ဆက်တိုက်ပစ်ခတ်လို့ ကင်ပွန်းချုံကျေးရွာ အပါအဝင် အနီးနား ၁၀ ရွာရှိ ဒေသခံတွေ ဘေးလွတ်ရာကို စစ်ရှောင်နေရပါတယ်။

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်မှာတော့ ဒေါခုခူကျေးရွာမှာ ပစ္စည်းပြန်ယူတဲ့ စစ်ရှောင်ဆရာမ ၂ ယောက် စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

အောက်တိုဘာ ၃၁ ရက်က စစ်ရေးမတည်ငြိမ်မှုတွေကြောင့် ခေါခုခူရွာသားတွေ တိမ်းရှောင်ကြရစဉ် ဆရာမ ၂ ယောက်က ကျေးရွာထဲ ပစ္စည်းပြန်ယူခဲ့ရာမှာ ဒေါခုခူရွာ မူကြိုကျောင်းအနီး လက်နက်ကြီး ၄ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ပြီး ဆရာမ ၂ ယောက် ဒဏ်ရာရရှိခဲ့ကာ စာသင်ဆောင် ပျက်စီးခဲ့ပါတယ်။

လက်နက်ကြီးထိမှန်မှုကြောင့် ဆရာမတယောက်က လက်မောင်းဒဏ်ရာရရှိခဲ့ပြီး ကျန်တယောက်က ဝမ်းဗိုက်နဲ့ ခြေထောက်နှစ်ဖက် ထိမှန်ခဲ့ကာ ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက “မနက် ၈ နာရီလောက်မှာ ရွာနဲ့နီးတဲ့ လမ်းပိုင်းမှာ တိုက်ပွဲဖြစ်တော့ ကလေးတွေနဲ့ တောထဲကို ရွှေ့ကြတယ်။ ဆရာမနှစ်ယောက်က ပစ္စည်းကျန်ခဲ့လို့ ရွာထဲပြန်လာယူတဲ့အချိန် လက်နက်ကြီးထိမှန်ခဲ့တာ” လို့ ပြောပါတယ်။

ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ် အစပ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားနေပြီး ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးက ဒီးမော့ဆို ၁၀၂ တပ်ရင်းက ပစ်ခတ်လိုက်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013