
ချင်းပြည်နယ် ဟားခါး၊ တွန်းဇံ၊ တီးတိန် စတဲ့မြို့တွေမှာ ညအပူချိန်တွေ စတင်ကျဆင်းပြီး အအေးပိုနေပြီလို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဟားခါးမြို့နယ်မှာ အပူချိန် ၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနေပြီး အောက်တိုဘာ ၂၇ ရက်လောက်ကစပြီး အအေးပိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တွန်းဇံမြို့နဲ့ တီးတိန်မြို့မှာ အပူချိန် ၁၁ ဒီဂရီစင်တီဂရိတ်အထိ ရှိနေပြီး နိုဝင်ဘာလမှာ ချင်းပြည်နယ်ရဲ့ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနေပြီဖြစ်ပါတယ်။
တီးတိန်မြို့ခံတဦးက “ဆောင်းတွင်းပိုင်းဆိုတော့ အတော်အေးလာပြီ။ မိုးတော့မရွာတော့ဘူး၊ မြူတွေကျတယ်။ နှင်းတော့မကျသေးဘူး။ ၁၂ လပိုင်းမှ ကျတော့မယ်ထင်တယ်။ အရင်ထက် တော်တော် ပိုအေးလာတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာလအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မြူပိုကျဆင်းမယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။