DVB Logo
Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးမြို့ကို  ကရင်လက်နက်ကိုင်တပ်များ ဝင်ရောက်တိုက်ခိုက် ထိန်းချုပ်  
DVB
·
November 2, 2023
ကြာအင်းဆိပ်ကြီးမြို့ကို  ကရင်လက်နက်ကိုင်တပ်များ ဝင်ရောက်တိုက်ခိုက် ထိန်းချုပ်  
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အနီးက စစ်ကောင်စီတပ်စခန်းတွေအပါအဝင် မြို့ပေါ်ကိုပါ  ကရင်လက်နက်ကိုင် ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့တွင်းအထိ ဝင်ရောက်ထိန်းချုပ်ထားတယ်လို့ မြို့ခံက ပြောပါတယ်။

နိုဝင်ဘာလ ၂ ရက် ဒီမနက်အစောပိုင်း ၄ နာရီလောက်ကတည်းက  ကရင်လက်နက်ကိုင်ပူးပေါင်းတပ်တွေက  စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးရယူထားတဲ့ မြို့လယ်​ခေါင် ရဲစခန်း၊ ​ထွေအုပ်စု​ပေါင်းရုံး​နဲ့ မြို့တွင်း​နေရာ​တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ကြာအင်းဆိပ်ကြီးမြို့ခံတဦးက “ကျနော်တို့ ကြာအင်းဆိပ်ကြီးမှာ ကားလမ်းတွေက မနက်မိုးလင်းကတည်းက စပိတ်လိုက်တယ်။ အခု ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ လမ်းပိုင်းကိုလည်း သူတို့ပိတ်လိုက်ပြီ။ နောက်တခု ကျနော်တို့အခုကတော့ ကြာအင်းဆိပ်ကြီးမှာ‌တော့ အပြင်းအထန် ဖြစ်နေကြတာပေါ့။ အခုက ကေအန်ယူဘက်က ကြာအင်းဆိပ်ကြီးကို သိမ်းလိုက်ပြီ။ ကြာအင်းဆိပ်ကြီး မြို့နယ်တခုလုံးကို သိမ်းလိုက်ပြီပေါ့။ အခု ဟိုဘက်လမ်းဒီဘက်လမ်း အကုန်လုံးသွားလာလို့မရတော့ဘူး”လို့ ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ကွီးလက်တဲ၊ ကနဲလေး စတဲ့ စစ်ကောင်စီ တပ်စခန်းတွေ အပါအဝင် မြို့နယ်တဝိုက်ရှိ စစ်ကောင်စီ အထိုင်ချ တပ်စခန်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာ ဖြစ်ပါတယ်။

“လောလောဆယ်တော့ တပ်စခန်းတွေတော့ ကျကုန်ပြီ။ ဒါပေမဲ့ အသေစာရင်း အပျောက်စာရင်း ကတော့ အတိအကျ မသိရသေးဘူး။ ကြာအင်းဆိပ်ကြီးမှာက တပ် ၃ တပ်တော့ရှိတယ်။ ဗျူဟာတပ်လည်း ရှိတာပေါ့။ သူတို့ ကာကင်းကတော့ လုပ်တော့လုပ်တာပေါ့။ ဒါပေမဲ့ အဲဒီနေရာတွေကို သူတို့ ပိတ်ဆို့ထားတာလည်း ရှိတာပေါ့။ အခုက တပ်စခန်းရှိတဲ့ဘက်ကို တိုက်ပြီးတော့ မြို့ကိုသိမ်းလိုက်တယ်ဗျာ”လို့ ဒေသခံက ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၄)၊ ခလရ (၃၂) အပါအဝင် စစ်ကောင်စီတပ်စခန်းတွေရှိပြီး အခုတိုက်ပွဲတွက်လက်နက်ကြီး‌ကြောင့် ဒေသခံတချို့လည်း ထိခိုက်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ဒီနေ့ မနက် ၄ နာရီလောက်ကစတင်ပြီး ကြာအင်းဆိပ်ကြီးမြို့ပေါ်နဲ့ ထိုင်း-မြန်မာနယ်စပ်အနီးက ကွီးလုံတိုင်တပ်စခန်း၊ ကနဲလေး တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနယ်ဒါးထူးက  ဒီဗွီဘီကို ပြောပါတယ်။

ဗိုလ်မှူးကြီးနယ်ဒါးထူးက “စကစ စခန်း​တွေက​တော့ အဆင်​ပြေရင်​ပြေသလို ကျ​နော်တို့က​တော့ တိုက်​နေကြပါပဲ။ ဒီမနက် ကြာအင်းဆိပ်ကြီးရယ် ​ကော့ကရိတ်ရယ် ကနဲ​လေးစခန်းရယ်နဲ့ ကီးလုံးတိုင်စခန်းရယ်ကို တပြိုင်တည်းတိုက်ရတာက ​မြောက်ပိုင်းမှာဖြစ်​နေတဲ့ စစ်ပွဲ​တွေနဲ့အတူ ကျ​နော်တို့ဘက်ကလည်း အားဖြည့်တိုက်ခိုက်တဲ့အ​နေအထားပဲ”လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတွေရှိပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် ထိခိုက်ကျဆုံးမှုအသေးစိတ်ကို မသိရသေးဘူးလို့ တပ်မဟာ ၆ စစ်ဗျူဟာမှူးက ပြောပါတယ်။

ဒါအပြင်၊ ကော့ကရိတ်မြို့နယ်၊ မြန်မာ-ထိုင်းနယ်စပ်အနီးက စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ်စခန်း တွေဖြစ်တဲ့ ကွီးလုံတိုင်တပ်စခန်း၊ ကနဲလေးတပ်စခန်းတွေကိုလည်း တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ကူပေး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီနဲ့ ရမ်းပစ်ခတ်တာကြောင့် ဒေသခံတချို့ ထိမှန်ဒဏ်ရာရရှိသူတွေရှိတဲ့အပြင် နေအိမ်တချို့နဲ့ မော်တော်ယာဉ်တွေ ထိမှန်ပျက်စီးခဲ့ရပါတယ်။

ဒီတိုက်ပွဲကြောင့် မြို့ခံပြည်သူတွေ နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်ကြသလို တချို့က မွန်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်သွားကြပါတယ်။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး အများအပြားအသုံးပြု ပြန်လည် တိုက်ခိုက်နေသလို လေကြောင်းကနေ ပျံသန်းတိုက်ခိုက်မှုတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013