
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ အဖွဲ့ဟာ ကနေဒါ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်မော်ရစ်ဆင် အပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး အရေးပေါ်အကူအညီလိုအပ်နေတဲ့ မြန်မာလူထုအတွက် လူသားစာနာမှုအကူအညီတွေ၊ လေကြောင်းတိုက်ခိုက်မှု အပါအဝင် အကြမ်းဖက် လုပ်ရပ်မျိုးစုံကို ကာကွယ်နိုင်မယ့် လက်တွေ့ကျတဲ့ အကူအညီတွေနဲ့ စပ်လျဥ်းပြီးတော့ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
အဆိုပါဆွေးနွေးပွဲတွေအတွင်း မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်မှု၊ အကြမ်းဖက် စစ်ကောင်စီအပေါ် ပိုမိုထိရောက်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ရေးစတဲ့ အကြောင်းရပ်မျိုးစုံကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ကနေဒါ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မော်ရစ်ဆင်ကတော့ ကနေဒါနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေရင်းချာနိုင်ငံတခုဖြစ်ကြောင်း၊ ကနေဒါနိုင်ငံအနေနဲ့ လက်ရှိမှာလည်း ကူညီလုပ် ဆောင်နိုင်တဲ့ အရေးကိစ္စတွေကို အားစိုက် လုပ်ဆောင်နေပြီး ခုထက်ပိုပြီးတော့ ထိထိ ရောက်ရောက် ကူညီနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖွေစူးစမ်းနေပြီး ကနေဒါအစိုးရ အနေနဲ့ အကန့်အသတ်တွေ ရှိတဲ့ကြားကပဲ လုပ်ပေးနိုင်တဲ့ ကိစ္စရပ်တွေကို စဥ်းစားလုပ်ဆောင်ပေးဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောပါတယ်။
NUG ကိုယ်စားလှယ်အဖွဲ့ဘက်ကတော့ စစ်ကောင်စီအပေါ် လက်ရှိချမှတ်ထားတဲ့ ဒဏ် ခတ်အရေးယူမှုတွေအပြင် ပိုမိုထိရောက် ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို မြန်မာ့အရေး ထောက်ခံအားပေးနေတဲ့ နိုင်ငံတွေကြား ဟန်ချက်ညီ ပူးတွဲ ချမှတ်နိုင်ရေးကို တိုက်တွန်းခဲ့တဲ့အပြင် အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေးတို့မှာ လိုအပ်နေတဲ့ နည်းပညာ အကူအညီ အထောက်အပံ့တွေ ပေးအပ်နိုင်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေနဲ့ ပြည်တွင်း စစ်ရှောင်စခန်းတွေမှာ ကျောင်းသားအရွယ်ကလေးငယ် သိန်းပေါင်းများစွာဟာ ထိခိုက်နစ်နာ ဆုံးရှုံးရတဲ့ မျိုးဆက် (Lost Generation) ဖြစ်နေကြောင်း၊ လက်ရှိမှာတော့ သိန်းနဲ့ချီတဲ့ ကျောင်းသားတွေကို NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနနဲ့ တခြားအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပညာသင်ကြားပေးနေကြောင်း၊ ဒါပေမယ့် လုံလောက်မှုမရှိသေးတာကြောင့် ကလေးငယ်တွေ ပညာသင်ယူခွင့်ရရေး အရေးကြီးလှတဲ့အတွက် ကူညီပေးစေလို ကြောင်းလည်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မြန်မာပြည်သူတွေအတွက်လည်း တရားမျှတမှု ဖော်ဆောင်ရေး ကနေဒါအစိုးရအနေနဲ့ ဝိုင်းဝန်းကြိုးပမ်းပေးဖို့၊ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာမှာ တရားစွဲဆိုနိုင်ရေး NUG ရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေကို ထောက်ခံဖို့ လည်း ကိုယ်စားလှယ်အဖွဲ့က တိုက်တွန်း ပြောကြားခဲ့ကြတာပါ။
မြန်မာစစ်တပ်ကို လက်နက်တင်သွင်းဖြန့်ဖြူးပေးနေသူတွေ၊ ငွေကြေးထောက်ပံ့နေတဲ့ကုမ္ပဏီတွေ၊ စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်ဗိုလ်ချုပ်ကို ကနေဒါ၊ ယူကေနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အောက်တိုဘာ ၃၁ ရက်မှာ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု အသစ်တွေ ထပ်မံ ချမှတ်ထားပါတယ်။
မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဆက်လက်ပြုလုပ်နေ ကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
PHOTO-NUG











