DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်တွင် ဆန်နှင့် ဓာတ်ဆီ ပြတ်လပ်၊ လားရှိုးမြို့ အဝင်အထွက်ကို စစ်ကောင်စီက တင်းကျပ်
DVB
·
November 1, 2023
ကွတ်ခိုင်တွင် ဆန်နှင့် ဓာတ်ဆီ ပြတ်လပ်၊ လားရှိုးမြို့ အဝင်အထွက်ကို စစ်ကောင်စီက တင်းကျပ်
Donate to DVB

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ကွတ်ခိုင်မြို့နယ်မှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ဓာတ်ဆီတွေကို အလုအယက်ဝယ်ယူနေကြတာကြောင့် လက်ရှိမှာ ဆန်နဲ့ ဓာတ်ဆီတွေ ပြတ်လပ်နေပြီး ဝယ်ယူလို့မရဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့ရက်ပိုင်းမှာ  သိန်းဝန်းကျင်ရှိတဲ့ ဆန်ကြမ်း ၁ အိတ်ဟာလည်း ဒီနေ့အောက်တိုဘာ ၃၁ ရက်နေ့မှာ ၁ အိတ်ကို ၁ သိန်းခွဲကျော်အထိ ဈေးမြှင့်တက်သွားပြီး ဆန်အကောင်းထဲကလည်း ၁ အိတ်ကို ၂ သိန်းကျော်အထိ ရောက်ရှိသွားတယ်လို့ ပြောပါတယ်။

ကွတ်ခိုင်အပြင် ရှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်တွေမှာ စားသောက်ကုန်တွေ အလုအယက်ဝယ်ယူ သိုလှောင်ကြတာတွေကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်ထိုးတက်သွားတာ ဖြစ်ပါတယ်။

လမ်းပိတ်ဆို့ထားတာတွေကြောင့် လောက်ကိုင်မှာလည်း ကုန်စည်စီးဆင်းမှု ရပ်တန့်နေပြီး ဆန် ၁ အိတ်ကို တရုတ်ယွမ်ငွေ ၂၀၀ ကနေ ယွမ် ၃၀၀ အထိ ပေးဝယ်ရပြီး တခြားအခြေခံ စားသောက်ကုန်တွေလည်း စျေးနှုန်း တဆကျော် မြင့်တက်နေတယ်လို့ ပြောပါတယ်။

ကွတ်ခိုင်ရောက်နေတဲ့ အမျိုးသမီးတဦးက "ဆိုင်တွေက ပေါ်တင်ကြီး ဖွင့်မထားဘူး၊ ပိတ်ထားကြ တဲ့ ပုံစံတွေနဲ့၊ အပြင်ကနေ အပေါက်ဖွင့်ခိုင်းမှ ဖွင့်ပြီးလိုချင်တာကို ရောင်းပေးကြတာ။ ပေါ်တင်ဖွင့် တဲ့ ဆိုင်တွေဆို တန်းစီးပြီးတော့ကို ဝယ်နေရတာ သွားတိုက်ဆေး ဆပ်ပြာတွေကစ ဈေးတွေ ခုန်တက်သွားတာ" လို့ ပြောပါတယ်။

အခုလို စားသောက်ကုန်တွေကို အလုအယက်ဝယ်ယူ သိုလှောင်ကြတဲ့အပေါ် ငွေကြေးမတတ်နိုင်တဲ့ အခြေခံလူတန်းစားတွေ များစွာအခက်တွေ့စေတယ်လို့ ပြောပါတယ်။

အထည်စက်ရုံက အလုပ်သမားတဦးက "ကျနော်တို့အတွက် လုံးဝကိုအဆင်မပြေဘူး၊ ပိုက်ဆံရှိတဲ့ သူတွေက အိတ်ချီဝယ်နိုင်ကြတော့ ကျနော်တို့လို တနေ့လုပ်တနေ့စားလေးတွေက တင်းလိုက်လေးပဲ ဝယ်နိုင်တော့ တချို့ဆိုင်တွေက ရှိလျက်နဲ့ မရှိတော့ဘူးဆိုပြီး နှင်ထုတ်ခံရတာတွေရှိတယ်" လို့ ပြောပါတယ်။

လက်ရှိ ကွတ်ခိုင်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီတပ်သားတွေက မြို့တွင်းလှည့်ပတ်သွားလာနေပြီး ကုန်စည်စီးဆင်းတဲ့ လမ်းကြောင်းတွေလည်း ပိတ်ဆို့ဖျက်ဆီးခံထားရတာကြောင့် ပြည်သူတွေ စိုးရိမ်ပြီး အခုလို အလုအယက်ဝယ်ယူနေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အဝင်အထွက်ဂိတ်မှာလည်း နိုဝင်ဘာ ၁ ရက်ကစပြီး ရပ်ကွက် ကျေးရွာ ထောက်ခံစာပါမှ ဝင်ထွက်ခွင့်ပြုတယ်လို့ သိရပါတယ်။

လားရှိုးမြို့ခံတဦးက “မနက်က ကြက်ဥလေးထွက်ဝယ်တာ၊ ရပ်ကွက်ထဲပြန်ဝင်မရလို့ စောင့်နေရတာ။ ညနေ ၃ နာရီခွဲလောက်မှ ခဏဝင်ခွင့်ပြုလို့ အိမ်ပြန်ရောက်တယ်။ တအိမ်တက် တအိမ်ဆင်းလည်း လိုက်စစ်တယ်” လို့ ပြောပါတယ်။

လားရှိုးမြို့က ဘယ်သူဖြစ်ဖြစ် ရပ်ကွက် ကျေးရွာ အုပ်ချုပ်​ရေးမှူး ထောက်ခံစာမပါရင် ဝင်ထွက်ခွင့်ပြုမှာ မဟုတ်တော့ဘဲ ထောက်ခံစာမှာလည်း သွားလာသူရဲ့ဓာတ်ပုံ ကပ်ထားရမယ့်အပြင် နိုင်ငံသားစိစစ်ရေးကတ်ကိုလည်း တပါတည်း ယူဆောင်သွားလာရမယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်တစုံတရာ မရှိထားတာမို့ နိုဝင်ဘာ ၁ ရက် စစ်ဆေးတဲ့အချိန်မှာ အဝင်အထွက် ဂိတ် ဖြတ်သွားလာရသူတွေ ရပ်ကွက်ထဲ ဝင်ခွင့်ရဖို့ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

“မနက် ၆ နာရီကနေ ညပိုင်း ၁ဝ နာရီအထိ စစ်ဆေးမှာဆိုပေမဲ့ အထွက်တုန်းကတော့ ဘာမှ မစစ်သေးပါဘူး။ အပြန်ကျမှ ကိုယ့်ရပ်ကွက်ထဲ ဝင်မရတော့တာ။”

ညီနောင်မဟာမိတ် ၃ ဖော်ရဲ့ စစ်ဆင်ရေး ၁၀၂၇ အောင်မြင်မှုတွေနောက်မှာ ရှမ်းပြည်နယ် မှတ်ပုံတင် ကိုင်ဆောင်သူတွေ သွားလာရာမှာ တင်းကျပ်စွာ စစ်ဆေးခံရတာမျိုးရှိလာပြီး နိုဝင်ဘာ ၁ ရက်နေ့မှာတော့ လားရှိုးဒေသခံတွေကိုလည်း စတင် တင်းကျပ်လာတာလည်း ဖြစ်ပါတယ်။

စစ်ဆင်ရေး စတင်ပြီး နောက်ရက်တွေမှာ နေ့နေ့ညည ပစ်ခတ်သံတွေ ဆူညံနေခဲ့ပြီး မြို့တွင်း တပ်စခန်းတွေကို မဟာမိတ်အဖွဲ့တွေက ဒရုန်းနဲ့ပစ်ခတ်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ ဖြစ်စဥ်တွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်ခဲ့သလို အသွားအလာ စတင်တင်းကျပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013