DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက်တိုက်ပွဲ ငြိမ်းချမ်းစွာဖြေရှင်းရန် တရုတ် တိုက်တွန်း
DVB
·
November 1, 2023
ရှမ်းမြောက်တိုက်ပွဲ ငြိမ်းချမ်းစွာဖြေရှင်းရန် တရုတ် တိုက်တွန်း
Donate to DVB

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာ ၃၁ ရက်က ပေကျင်းမြို့မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်က သတင်းမီဒီယာတွေ ရဲ့ မေးမြန်းချက်တွေကို  ခုလိုဖြေကြားလိုက်တာပါ။

“တရုတ်က ဒီပဋိပက္ခကို အနီးကပ် လေ့လာစောင့်ကြည့်နေပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အပစ်အခတ် ရပ်စဲရေးကို တတ်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်ဖို့၊ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့၊ ဒီလို စစ်ရေးအခြေအနေတွေ တိုးမြင့်လာတာတွေကနေ ရှောင်ရှားနိုင်ဖို့နဲ့ တရုတ်-မြန်မာနယ်စပ်မှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ထိထိရောက်ရောက် လုပ်ဆောင်ဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။”

ညီနောင်မဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က ၁၀၂၇ ပူးပေါင်းစစ်ဆင်ရေး စတင်တဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ ၃၁ ရက်အထိ ၅ ရက်တာအတွင်း စစ်ကောင်စီ တပ်စခန်း ၈၀ ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ပြောထားပါတယ်။

ဒါ့အပြင် စစ်ရေးရည်မှန်းချက် ပြည့်မြောက်အောင် ဆက်လက်တိုက်ခိုက်သွားမှာဖြစ်လို့   ရှမ်းပြည်မြောက်ပိုင်းမှာ ရင်ဆိုင်ထားတဲ့ စစ်စခန်းတွေမှာရှိတဲ့ စစ်ကောင်စီလက်အောက် ခံတပ်ဖွဲ့ဝင်တွေ အနေနဲ့ လက်နက်တွေအပ်ပြီး အလင်းဝင်ဖို့ ညီနောင်မဟာမိတ် သုံးဖွဲ့က အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန် တိုက်တွန်းထားပါတယ်။

စစ်ဆင်ရေး ၅ ရက်တာအတွင်းမှာတော့ စစ်ကောင်စီဘက်က တပ်ရင်းအလိုက် အလင်းဝင်လာတဲ့သူတွေရှိသလို ပြည်သူ့စစ်အဖွဲ့တွေဘက်ကလည်း အလင်းဝင်လာတာတွေလည်း ရှိနေတယ်လို့လည်း MNDAA က ပြောထားပါတယ်။

လတ်တလောမှာတော့ ဒီစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တခြားတော်လှန်ရေး တပ်ဖွဲ့အများအပြားကလည်း ထောက်ခံကြိုဆိုထားပြီး ဟန်ချက်ညီညီ စစ်ရေးဖော်ဆောင် တိုက်ပွဲဆင်နွှဲကြဖို့ကိုလည်း တိုက်တွန်းထားကြပါတယ်။

ဒီစစ်ဆင်ရေးက ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်းတို့မှာ တိုက်ပွဲတွေ ဆင်နွှဲနေတာဖြစ်ပြီး ပါဝင်တိုက်ခိုက်နေကြတဲ့ တပ်တွေနဲ့ ဆက်စပ်ဒေသတွေ၊ ဗျူဟာမြောက်ဆက်စပ်နေတဲ့ တော်လှန်ရေးတပ်တွေရဲ့ တည်နေရာနဲ့ အင်အားက ကျယ်ပြန့် များပြားတာ တွေ့ရပါတယ်။

ဒီတိုက်ပွဲအခြေအနေတွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တစုံတရာ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။

Photo- China MOFA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013