Home
နိုင်ငံတကာ
ဘိုလီးဗီးယားက အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်
DVB
·
November 1, 2023

ဘိုလီးဗီးယားအစိုးရဟာ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ပျက်ပြားသွားပြီဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်မှာ ပြောကြားလိုက်ပြီး အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်ရာမှာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အစ္စရေးစစ်တပ်ရဲ့ အင်အားအချိုးအစား မညီမျှတဲ့ ရန်လိုတကြီး ထိုးစစ်ဆင်နေတာကို ရှုတ်ချခြင်းနဲ့ လက်မခံနိုင်ခြင်းတို့ကြောင့် ဘိုလီးဗီးယားဟာ အစ္စရေးနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဘိုလီးဗီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖရက်ဒီ မာမာနီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်မှာ ပါလက်စတိုင်း ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရည်ညွှန်းပြီး သတင်းစာရှင်းလင်းပွဲလုပ်တာ ဖြစ်တယ်လို့ ယာယီနိုင်ငံခြားရေးဝန်ကြီး မာရီယာ နယ်လာ ပရာဒါက ပြောပါတယ်။

အောက်တိုဘာ ၃၀ ရက်က ဘိုလီးဗီးယားသမ္မတ လူးဝစ္စ အယ်လ်ဘာတို အာချေ ကာတာကိုရာနဲ့ ဘိုလီးဗီးယားနိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီး မာမဒ်အယ်လ်အာလ်ဝါနီတို့ အရေးတကြီး တွေ့ဆုံခဲ့ကြပြီး ပါလက်စတိုင်းပြည်သူတွေ၊ အထူးသဖြင့် ငြိမ်းချမ်းစွာနေထိုင်ခွင့်ရှိတဲ့ ကလေးတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ဘိုလီးဗီးယား ပြည်သူတွေက ထပ်တူခံစားရပါကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဂါဇာမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုလည်း ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။

ဘိုလီးဗီးယားဟာ အစ္စရေးတောင်ပိုင်းမှာ အောက်တိုဘာ ၇ ရက်က ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁,၄၀၀ သေဆုံးပြီး ဓားစာခံ ၂၄၀ ဖမ်းဆီးခဲ့တဲ့အပေါ် အစ္စရေးက လက်တုံ့ပြန်ခဲ့တဲ့ ဂါဇာစစ်ပွဲကြောင့် အစ္စရေးနဲ့ သံတမန်ဆက်ဆံရေးကို ဖြတ်တောက်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်ပါတယ်။

တောင်အမေရိကနိုင်ငံဟာ လက်ဝဲဝါဒီသမ္မတ အီဗို မိုရာလက်စ် အစိုးရလက်ထက် ၂၀၀၉ ခုနှစ်တုန်းကလည်း အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ဖူးပြီး ဂါဇာမှာ အစ္စရေးရဲ့လုပ်ရပ်ကို ကန့်ကွက်ခဲ့ဖူးပါတယ်။

၂၀၂၀ ခုနှစ်မှာ လက်ယာယိမ်း ယာယီသမ္မတ ဂျယ်နင်း အေနက်ဇ်ရဲ့ အစိုးရလက်ထက်မှာ ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024