
အမေရိကန်နိုင်ငံမှာ နိုင်ငံတကာကျောင်းသားတွေအတွက် တချို့သော လုပ်ငန်းခွင် လေ့ကျင့်သင်ကြားရေး (CPT) အလုပ်သင် လုပ်ဖို့ ခွင့်ပြုချက်တွေကို ကန့်သတ်ဖို့ ဒေါ်နယ်ထရမ့်ပ် အစိုးရက တက္ကသိုလ်တွေကို ညွှန်ကြားချက် ထုတ်ပြန်လိုက်ပြီး စည်းမျဉ်းတွေကို မလိုက်နာတဲ့ တက္ကသိုလ်တွေအနေနဲ့ နိုင်ငံခြားကျောင်းသား လက်ခံခွင့် ဗီဇာအခွင့်အရေး ဆုံးရှုံးနိုင်တယ်လို့လည်း အမေရိကန် အစိုးရက သတိပေးထားပါတယ်။
ဩဂုတ် ၂၄ ရက်စွဲပါ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် အဖွဲ့ (ICE) အောက်မှာရှိတဲ့ ကျောင်းသားနှင့် ဖလှယ်မှုဆိုင်ရာအစီအစဉ် (SEVP) အနေနဲ့ သင်ရိုးညွှန်းတမ်း ရပိုင်ခွင့် CPT အလုပ်လုပ်ခွင့်ပြုချက်တချို့ဟာ စည်းမျဉ်းတွေကို ချိုးဖောက် နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
CPT ကို သင်ရိုးညွှန်းတမ်းရဲ့ မရှိမဖြစ် လိုအပ်ချက်ဖြစ်တဲ့ နေရာတွေမှာပဲ ခွင့်ပြုထားတာ ဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်ကြောင့် ကယ်လီဖိုးနီးယားတက္ကသိုလ်၊ လော့စ်အိန်ဂျလိစ်နဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်၊ ဘာကလေအပါအဝင် အမေရိကန် တက္ကသိုလ်တချို့ဟာ နိုင်ငံတကာ ကျောင်းသားတွေ အတွက် အလုပ်ခွင် လက်တွေ့သင်တန်းတွေအတွက် လျှောက်လွှာတချို့ကို ယာယီဆိုင်းငံ့ လိုက်ကြ ပါတယ်။
UCLA ပြောရေးဆိုခွင့်ရှိသူက "အစိုးရရဲ့ လမ်းညွှန်ချက်အသစ်ကို ပြန်လည်သုံးသပ်ပြီး ဆက်လုပ်ရမဲ့ အဆင့်တွေကို ဆုံးဖြတ်နေချိန်မှာ CPT ခွင့်ပြုချက်အချို့ကို ခေတ္တဆိုင်းငံ့ထားတာဖြစ်တယ်" လို့ ပြောပါတယ်။
UC ဘာကလေ ဘက်ကလည်း ဩဂုတ် ၂၄ ညွှန်ကြားချက်ဟာ ပိုမိုတင်းကျပ်လာတာကြောင့် တချို့သော အလုပ်လုပ်ခွင့် လျှောက်ထားမှုတွေကို "မကြာမီကာလအတွင်း" ဆောင်ရွက်ပေးနိုင်ဖွယ် မရှိသေးကြောင်း၊ နိုင်ငံတကာကျောင်းသားတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ အသိပေးထား ပါတယ်။ ဒါပေမဲ့ ဘွဲ့ယူဖို့ မဖြစ်မနေလိုအပ်တဲ့ CPT နဲ့ မဟာဘွဲ့၊ ဒေါက်တာဘွဲ့ သုတေသနဆိုင်ရာ CPT တွေကိုတော့ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထရမ့်ပ် အစိုးရဟာ အစ္စရေးကို ထောက်ခံတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပါလက်စတိုင်း လိုလားတဲ့ ဆန္ဒပြမှုတွေ၊ မျိုးစုံမျိုးကွဲ မူဝါဒတွေ၊ ရာသီဥတုဆိုင်ရာ အစီအစဉ်တွေနဲ့ လိင်ပြောင်းလဲ သူများဆိုင်ရာ မူဝါဒတွေကြောင့်လည်း တက္ကသိုလ်တွေကို ဘဏ္ဍာရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ဖူးတာကြောင့် လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်တွေအပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
Source:Reuters











