DVB Logo
Home
မြန်မာသတင်း
မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုကို ထောက်ခံကြိုဆို
DVB
·
October 31, 2023
မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုကို ထောက်ခံကြိုဆို
Donate to DVB

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်မှုကို ထောက်ခံကြိုဆိုကြောင်းနဲ့ အကြမ်းဖက် စစ်ကောင်စီရှိနေသရွေ့ ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို တည်ဆောက်နိုင်မှာ မဟုတ်လို့ စစ်ကောင်စီကို အမြစ်ပြတ် ဖယ်ရှားဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၈ ရက် ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပြီး ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို ကာကွယ်ရေး၊ နယ်မြေထိန်းချုပ်‌ရေး၊ စစ်ကောင်စီရဲ့လေကြောင်းရန် ဟန့်တားရေး၊ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုရေးနဲ့ စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါတို့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်နှိမ်နင်းရေးတို့ဟာ မြန်မာနိုင်ငံတဝန်းရှိ အဖိနှိပ်ခံပြည်သူတွေ လိုလား ထောက်ခံအားပေးတဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့အတွက် ဟန်ချက်ညီတဲ့ ၁၀၂၇ စစ်ဆင်ရေးကို  နိုင်ငံတဝဝန်း ခုခံတော်လှန်သူ အင်အားစုအတွက် များစွာ ခွန်အားဖြစ်စေကြောင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာတနိုင်ငံလုံး တော်လှန်ရေးအင်အားစုတွေ၊ လူထုတွေ၊ နိုင်ငံတကာအသိုင်းအဝန်းတွေ ကနေ စစ်အာဏာရှင်စနစ်ကျဆုံးဖို့ နိုင်ငံရေး၊ စစ်ရေး ပိတ်ဆို့မှုတွေ တပြိုင်တည်း ဝိုင်းဝန်း လုပ်ဆောင်ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

အလားတူ ချင်းအမျိုးသားတပ်ဦးကလည်း မြောက်ပိုင်းမဟာမိတ်တွေရဲ့ တိုက်ပွဲ ဖော်ဆောင်မှုဟာ တော်လှန်ရေးမှာကြီးမားတဲ့ အပြောင်းအလဲဖြစ်စေပြီး တိုင်းရင်းသားပြည်နယ် ၇ ခုလုံး တပြိုင်တည်း ထကြွနေတာဖြစ်ပြီး တိုက်ပွဲဝင်ဖို့ ချင်းပြည်ဒေသခံတပ်တွေက ပြင်ဆင်ထားတယ်လို့  CNF တာဝန်ရှိသူက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေပါဝင်တဲ့  ၁၀၂၇ စစ်ဆင်ရေးကို နိုင်ငံတဝန်းက ပြည်သူလူထုက တခဲနက်အားပေးနေပြီး တနိုင်ငံလုံးက တော်လှန်ရေး အင်အားစုတွေနဲ့ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေက ကြိုဆိုထောက်ခံကြောင်း  အသီးသီး ထုတ်ပြန်နေကြပါတယ်။

စစ်ကောင်စီဖိနှိပ်ခံထားရတဲ့ ရန်ကုန်လို မြို့ပြကြီးတွေမှာတောင် လူထုကိုယ်စား လူထုအသံကို ရန်ကုန်ကတော်လှန်ရေးအင်အားစုတွေက သီတင်းကျွတ်လပြည့်နေ့မှာ ရန်ကုန်က တန်ခိုးကြီးဘုရားတွေမှာ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်သူတဦးက “ပြည်သူလူထုတရပ်လုံးက ဒါကို ထောက်ခံကြတယ်။ ကြိုဆိုကြတယ်။ ဝမ်းသာအားရရှိကြတယ်။ ဒါပေမဲ့ကျနော်တို့ ရန်ကုန်လို မြို့ကြီးတွေမှာကျတော့ စစ်ကောင်စီက ထိမ်းချုပ်ထားတဲ့ နေရာတွေမှာကျ ဒါတွေကို ပေါ်ပေါ်ထင်ထင် ထုတ်မပြရဲကြဘူး။ ဒါပေမဲ့ သူတို့ ရင်ထဲမှာ သူတို့ပြောလို့ရတဲ့နေရာမှာ ဒါတွေကို ပြောနေကြတယ် ဆိုနေကြတယ်။ ဝမ်းပန်းတသာနဲ့စောင့်ကြည့်နေကြတယ်။ ဒါက ကျနော်တို့ ရန်ကုန်မှာရှိတဲ့ ပြည်သူလူထုရဲ့ လက်ရှိအခြေအနေပဲ ဖြစ်တယ်၊ ဒီရန်ကုန်ပြည်သူလူထုရဲ့သဘောထား လူထုရဲ့ အသံက ကျနော်တို့ ကြွေးကြော်သံကလည်း လူထုရဲ့ အသံကို ထင်ဟပ်တာဖြစ်တယ်”လို့ ပြောပါတယ်။

မြို့ပြကျေးလက်မကျန် ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံအားပေးနေကြပြီး တော်လှန်ရေး အင်အားစုတွေကလည်း ထောက်ခံကြောင်း ထုတ်ပြန်ကြေညာချက်တွေပေးပို့ထားပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားများချိတ်ဆက် ညှိနှိုင်းရေးကော်မတီ (AFCC မန္တလေး) အဖွဲ့ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကလည်း ၁၀၂၇ ကို ဆက်လက်ထောက်ခံရင်း တော်လှန်ရေးအောင်မြင်ဖို့ ဆက်လက်ချီတက်ကြဖို့ တိုက်တွန်း ပြောပါတယ်။

“ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့အတူ တော်လှန်ရေးကြီးရဲ့ အရှိန်က အင်မတန်မှ တဟုန်ထိုး မြင့်တက်လာတယ်။ မြို့မှာပဲနေနေ တောမှာပဲနေနေ အညာမှာပဲ နေနေ အကြေမှာပဲနေနေ ပြည်သူအားလုံးကလည်း အင်မတန်မှာ နှစ်ထောင်းအားရဖြစ်ကြတယ်။ ကျေနပ်ကြတယ်။ ဝမ်းသာအားရဖြစ်ကြတယ်။  ကျနော်တို့ မန္တလေး လူထုတိုက်ပွဲကော်မတီ အပါအဝင်ပေါ့ဗျာ မန္တလေးပြည်သူလူထုကြီးတရပ်လုံး အညာပြည်သူလူထုကြီးတရပ်လုံးကလည်း ၁၀၂၇ စစ်ဆင်ရေးကြီးနဲ့ တသားတည်း တသွေးတည်း အတူရှိတယ် တော်လှန်ခရီးကြမ်းကို အောင်မြင်သည်အထိ  တလက်မမှ နောက်မဆုတ်ဘဲ အတူတူချီတက်ကြပါစို့လို့ ပြောကြားလိုပါတယ်။”

အညာဒေသရဲ့ သပိတ်အင်အားစုတွေကလည်း စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံကြိုဆိုကြောင်း တိုက်ပွဲတွေကြားက ဆန္ဒထုတ်ဖော် ပြသနေကြပါတယ်။

စစ်ကောင်စီရဲ့ လက်နက်အင်အားနဲ့ မတရားဖိနှိပ်ခံနေရပေမဲ့ နေ့စဉ်ဆိုသလို ဆန္ဒထုတ်ဖော်ပြသနေတဲ့ ချင်းတွင်းမြစ်ဘေးသပိတ်စစ်ကြောင်းက တာဝန်ရှိသူကလည်း ထောက်ခံကြိုဆိုကြောင်း  ပြောပါတယ်။

“ခံစားချက်က ဝမ်းသာတယ်ဗျ ပီတိဖြစ်ရတယ်။ စခန်းသိမ်းတဲ့ သတင်းကြားတော့ ကျနော်တို့ အနေနဲ့ အိမ်ပြန်ဖို့ တရက်နီးသလို ခံစားရတယ်။ တဆက်တည်းမှာပဲ စစ်ကောင်စီရဲ့ အင်အားချိနဲ့မှုနဲ့ ခုခံနိုင်စွမ်းမရှိတာတွေလည်း တွေ့နေရတယ်။ ကျနော်တို့ အညာဒေသက တိုက်ပွဲတွေနဲ့ နှိုင်းယှဉ်ရင်တော့ တော်တော်လေး ကွဲပြားခြားနားတယ်ဗျ။ ကျနော်တို့ အညာက သေနတ်အစစ်မရှိသလို စုဖွဲ့မှုအားနည်းတာလည်းတွေ့ရတယ်။ သေနတ်အစစ်တွေရယ် နည်းဗျူဟာကျမှုတွေ စုဖွဲ့မှုကောင်းကောင်းနဲ့ အားလုံးဆက်စပ်လိုက်ရင်တော့ ကျနော်တို့ အညာဒေသရဲ့ တိုက်ပွဲတွေကလည်း ဒီထက်ပိုကောင်းတဲ့ အရွေ့တခုကိုရောက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ညီ နောင်မဟာမိတ်တွေရဲ့ စစ်ဆင်ရေးအောင်မြင်ဖို့နဲ့ ဒီတော်လှန်ရေးကြီးအောင်မြင်ဖို့သာဆိုရင်တော့ ပြည်သူ တစ်ယောက်ချင်းစီကနေ ကျရာနေရာ ကျရာအခန်းကဏ္ဍကနေ ပါဝင်ဖို့ လိုအပ်ပါတယ်၊” 

တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ဖို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ က ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ဆင်ရေး ၁၀၂၇ က ၅ ရက်မြောက်နေ့မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်း  ၈၀ လောက်ကို သိမ်းယူနိုင်ခဲ့ပြီး ချင်းရွှေဟော်မြို့ကိုလည်း လုံးဝ ထိန်းချုပ်ထားနိုင်ပြီလို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိခဲ့ကြပြီး စစ်ကောင်စီ အရာရှိစစ်သည်တွေ အပါအဝင် တပ်သားအလောင်းတွေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရရှိထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013