DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ၁၀ လအတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား အရေအတွက် ၁၀၀၀၀ ကျော် ရှိလာ
DVB
·
October 31, 2023
ထိုင်းတွင် ၁၀ လအတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား အရေအတွက် ၁၀၀၀၀ ကျော် ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ နိုင်ငံရေး မတည်ငြိမ်တာနဲ့ အလုပ်အကိုင် ရှားပါးတာတွေကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေ ပိုများလာပြီး အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနဲ့ မလေးရှားကို အလုပ်ထွက်လုပ်သူတွေ ပိုများလာပါတယ်။

ဒီနှစ် ၂၀၂၃ ဇန်နဝါရီလက စတင်ကာ အောက်တိုဘာလအထိ ဖမ်းဆီးခံရသူ မြန်မာအရေအတွက် ၁၀၀၀၀ ကျော် ရှိပြီး အောက်တိုဘာလ တလတည်း ဖမ်းဆီးခံရသူ အယောက် ၁၀၀၀ ကျော် ရှိပါတယ်။

ဖမ်းဆီးခံရတဲ့ ကိန်းဂဏန်းအရေအတွက်က ဒီထက် ပိုများနိုင်ပြီး ထိုင်းမှာ အထောက်အထားမဲ့ အလုပ်လုပ်ကိုင်လို့ ဖမ်းခံရတဲ့ မြန်မာအရေအတွက်လည်း နေ့စဉ်နဲ့အမျှ တိုးလာတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

Helping Hands Myanmar အဖွဲ့ရဲ့ ဒါရိုက်တာ ကိုသားကြီးက  "၂၀၂၃ သြဂုတ်လလောက်ကတည်းက ဖမ်းတာ တော်တော်များများဖမ်းတယ်။ ဘာကြောင့်လဲဆိုတော့ ဇူလိုင်မှာ Name list ဆိုတဲ့ အထောက်အထားမဲ့တွေကို မှတ်ပုံတင်ခိုင်းပြီးနောက်ပိုင်း ဖမ်းတာ တောက်လျှောက်ပဲ။ အခုချိန်ထိလည်း ဖမ်းနေတုန်းပဲ။ တန်းလျားတွေ၊ မြန်မာပြည်သားအများစု ရှိတဲ့ နေရာတွေ အစုလိုက်အပြုံလိုက်ပေါ့။ တံတား ၁ ထိုင်းလဝကရုံးကနေ တံတား ၂ ဘက်ကို ပြည်တော်ပြန် အဖြစ်နဲ့ ပြန်ပို့တာပေါ့။ တချို့ကတော့ ရက်ချိန်း မရောက်ရင် ပြန်မပို့ဘဲနဲ့ နိုင်ငံခြားသား အချုပ်မှာ ယာယီ ထားတာမျိုး တွေ့ရတယ်။ တော်တော်တော့ များပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်ကလည်း ထိုင်းနိုင်ငံတွင်းကို ထိုင်းလဝက အရာရှိ လက်မှတ်တုံးအတု ပြုလုပ်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေဟာ ပွဲစားတွေကို အနိမ့်ဆုံး ထိုင်းဘတ်ငွေ တသောင်းကျော်ကနေ အမြင့်ဆုံး ၁၈၀၀၀ လောက်အထိ ပေးရပြီး ထိုင်းကနေ မလေးရှား နယ်စပ်အထိ သွားရောက်သူတွေဆိုရင် ဘတ် ၄၀၀၀၀ ကနေ ၅၀၀၀၀ လောက်အထိ ပေးရတယ်လို့ ဆိုပါတယ်။

ကိုသားကြီးက “အရင်တုန်းကထက် အဖမ်းဆီးခံရတာ ပိုများတယ်။ ကယ်ရီတွေနဲ့ လာကြတာ။ တချို့တွေဆို ဒီဘက်မှာ ပတ်စ်ပို့ လုပ်ပေးမယ်။ ဘတ်လုပ်ပေးမယ်ဆိုပြီး ပွဲစားတွေ ခေါ်လာတယ်။ ရပ်ကွက်စကားနဲ့ ပြောရင် အလုပ်သမား လက်မှတ် လုပ်ပေးမယ်ပေါ့။ ဒီဘက်ရောက်ရင် ပွဲစားတွေက အခန်းတွေငှားပြီး အခန်းတခန်းမှာပဲ လူ ၁၀၀၊ ၂၀၀၊ ၃၀၀ ကျော် ထားပြီး ပွဲစားတွေက ထွက်ပြေးသွားတယ်။ အဲဒါတွေက ကြာလာတာနဲ့အမျှ ပတ်ဝန်းကျင်က ထိုင်းတွေက အကြောင်းကြားတိုင်ပြီး ဖမ်းတာပေါ့။ အဲဒါတွေလည်း အထောက်အထား မရှိတော့ ပြည်တော်ပြန်အဖြစ်နဲ့ ပြန်ရတယ်။ ၂၀၂၃ နှစ်အစမှာ ဇူလိုင် မရောက်ခင်ကတည်းက အဖမ်းအဆီးတွေ ပိုများလာတာ တွေ့ရတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံကို အထောက်အထားမဲ့ ဝင်လာတဲ့ မြန်မာတွေဟာ ပွဲစားအမျိုးမျိုး ခေါ်ဆောင်လာတဲ့ အသီးအနှံ တင်ကား၊ စက္ကူဖာပုံးကားတွေ အောက်ကနေ လျှို့ဝှက်လိုက်ရပြီး အသက်စွန့်စား လိုက်ရတာကြောင့် တရားဝင် MoU စနစ်နဲ့သာ လာရောက်ကြဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်တဲ့ ပုံစံတွေကတော့ ပိုပြီး ထူးခြားမှု ရှိလာတာပေါ့။ အခု မလေးရှားနယ်စပ် ဆုံခလာပြည်နယ်ထဲမှာ အဖမ်းခံရတဲ့အဖွဲ့ဆိုရင် ထိုင်းလဝက တံဆိပ်တုံး သုဝဏ္ဏဘူမိ လေဆိပ်က တံဆိပ်တုံးအတုကို ပွဲစားက စီစဉ်ပြီး လုပ်တာ။ ပေးရတဲ့ ငွေကြေးပမာဏကလည်း တယောက်စီ ဘတ် တသိန်း နှစ်သောင်းထိတောင် ပေးရတယ်ဆိုတော့ ဒါဟာ ထိုင်းနိုင်ငံကို ခရီး လေးဆင့် ဖြတ်သန်းတဲ့အခါမှာ အခက်အခဲ မရှိအောင် ကြိုတင်စီမံဖန်တီးထားတယ်။ ထိုင်းအစိုးရ လဝက တံဆိပ်တုံးအတုတောင် လုပ်လာတယ်ဆိုတော့ ပြောမယ်ဆိုရင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေက အဆင့်မြင့်လာတယ်။ နည်းပညာတွေကို သုံးလာတယ်။ ပွဲစားတွေကလည်း ဉာဏ်နီဉာဏ်နက်တွေ ပိုများလာတယ်။ တခြားတဖက် အဲဒီလို ဉာဏ်နီ ဉာဏ်နက်တွေ များများနဲ့ လုပ်လာတဲ့အခါမှာ ပွဲစားကို ပေးရတဲ့ နှုန်းထားက ဘတ် တသိန်းကျော် ဖြစ်သွားတယ်”လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် ၂ နှစ်တာကာလအတွင်း ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာအရေအတွက် ၅၀၀၀၀ ကနေ ၆၀၀၀၀ ကြားမှာ ရှိပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားပေါင်း ၆ ဒသမ ၈ သန်းလောက် ဝင်ရောက် နေထိုင်နေပေမဲ့ တရားဝင် ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ထားသူက ၁ ဒသမ ၈ သန်းပဲရှိတယ်လို့ Media Intelligence Group (MIG) က အောက်တိုဘာလအတွင်း စစ်တမ်း ထုတ်ပြန်ထားပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်း စက်ရုံအလုပ်ရုံတွေမှာ ၃၉ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးမှာ ၁၈ ရာခိုင်နှုန်း၊ ဈေးရောင်းအကူ ၁၅ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးမှာ ၁၈ ရာခိုင်နှုန်းနဲ့ ကျန်တဲ့ အထွေထွေလုပ်ငန်းတွေမှာ ၉ ရာခိုင်နှုန်း ဝင်လုပ်တယ်လို့ သိရပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013