DVB Logo
Home
မြန်မာသတင်း
သိန္နီမြို့တွင် ဒေသခံ သောင်းနဲ့ချီ ပိတ်မိနေ 
DVB
·
October 31, 2023
သိန္နီမြို့တွင် ဒေသခံ သောင်းနဲ့ချီ ပိတ်မိနေ 
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့တောင်ဘက်ခြမ်းမှာ တိုက်ပွဲတွေကြောင့် ဒေသခံ သောင်းနဲ့ချီ ပိတ်မိနေပြီး အဲဒီဒေသခံတွေကို စစ်တပ်က ထွက်ခွာခွင့်မပေးဘဲ လူသားဒိုင်းအနေနဲ့ ပြုလုပ်ထားတာလို့ မြို့ခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေကပြောပါတယ်။

သိန္နီမြို့ပေါ်ကို ညီနောင်မဟာမိတ်ဘက်က ထိန်းချုပ်ထားပေမဲ့ အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းက ဖျက်ဆီးခဲ့တဲ့ မြို့ရဲ့တောင်ဘက်ခြမ်း တံတားရဲ့တဘက်ကမ်းမှာရှိတဲ့ ၁၀ ရွာ လောက်က ဒေသခံ ၁၀,၀၀၀ ဝန်းကျင် ပိတ်မိနေတာလို့ ဆိုပါတယ်။

အဲဒီဒေသခံတွေဟာ စစ်ရှောင်စာရင်းထဲမပါဘဲ စစ်တပ်က သွားလာခွင့် ကန့်သတ်ခံထားရသူတွေလို့  မြို့ခံတွေက ပြောပါတယ်။

အဲဒီဘက်အနားဝန်းကျင် လားရှိုး-မူဆယ်လမ်းမကြီးတလျှောက်မှာ စစ်ကောင်စီတပ်ရဲ့ ၆၉ တပ်၊ ၃၂၃၊ ၂၄၀၊ တပ်မ ၁၆ အပါအဝင် တပ်မဟာ၊ တပ်ရင်း ၄၊ ၅ ခုရှိတာဖြစ်ပြီး အဲဒီတပ်တွေက ဒေသခံတွေကို မြို့ထဲကနေ ထွက်ခွာခွင့် ပိတ်ပင်ထားတာလို့သိရပါတယ်။

သိန္နီမြို့ခံတဦးက “သိန္နီမြို့မှာကျတော့ လူထုတွေက ကွတ်ခိုင်ဘက်သွားမယ်ဆိုရင် လမ်းကြောင်း ရှိကောင်းရှိနိုင်သေးတယ်ပေါ့။ အခုလောလောဆယ်က ရေပူနဲ့ သိန္နီမြို့တံတားပေါ့။ တံတားကြားက လူတွေကတော့ ပိတ်မိနေတဲ့ အနေအထားဖြစ်တယ်ပေါ့နော်။ သူတို့က ဘယ်မှသွားမရဘူး။ အဲဒါမျိုး အနေအထားမျိုး ကြုံနေရတယ်ပေါ့။ စစ်တပ်နဲ့လည်း နီးတာကိုး အဲဒီရွာတွေက” လို့ ပြောပါတယ်။

တိုက်ပွဲတွေစဖြစ်တဲ့ စစ်ဆင်ရေးပထမနေ့ အောက်တိုဘာ ၂၇ ရက်နေ့ကစလို သိန္နီမြို့မှာ မိုင်တဲဆင်းကတ်ကလွဲလို့ ကျန်တဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက်ခံထားရပါတယ်။

ဒါကြောင့် မြို့အခြေအနေကို အတိအကျမသိရပေမဲ့ သိန္နီမြို့အထွက်က ကျောင်းခမ်း ဘုန်းတော်ကြီးကျောင်းကို ရောက်နေတဲ့ စစ်ရှောင် ၂၀၀၀ ကျော်ဟာလည်း ဆေးကုခွင့်တောင်မရဘဲ ပိတ်မိနေတယ်လို့ ဆိုပါတယ်။

ရှမ်းကျောင်းသားသမဂ္ဂအဖွဲ့ဝင် စိုင်းဆိုင်က “စစ်တပ်က လူသားဒိုင်းအနေနဲ့ အဓိကလုပ်နေတာက သိန္နီမှာ ဖြစ်တယ်။ သိန္နီတောင်ဘက်ခြမ်းမှာဆို စစ်ဘေးရှောင်တွေ ရှောင်နေတာရှိတယ်။ ရှောင်တိမ်းနေတဲ့နေရာကတော့ ထွက်ခွာဖို့၊ ဆေးကုသဖို့လုပ်တယ်ဆိုရင် စစ်တပ်က မြင်တာနဲ့ပစ်တယ်။ ဒါကြောင့်မို့လို့ ဒီကနေ့မှာပဲ ဆေးကုခွင့်မရလို့ ၄ ယောက် ထပ်သေဆုံးသွားပြီ ဖြစ်တယ်။ ထိခိုက်ဒဏ်ရာ ဘယ်လောက်အထိ ရှိနေလဲဆိုတာတော့ ဆက်မသိရသေးဘူး” လို့ ပြောပါတယ်။

သိန္နီမြို့ထဲမှာတော့ မြို့တောင်ဘက်ခြမ်းက စစ်ကောင်စီတပ်တွေ မြို့ထဲဝင်မလာနိုင်အောင်  ညီနောင်မဟာမိတ်တွေဘက်က လမ်းတွေကို ဖျက်ထားလို့ ဆိုင်ကယ်လောက်ပဲသွားလို့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် MNDAA တပ်တွေဟာ သိန္နီရဲစခန်းကိုလည်း သိမ်းပိုက်လိုက်ပြီး စခန်းထဲက ဆိုင်ကယ်လိုမျိုးပစ္စည်းတွေကို လိုအပ်တဲ့ဒေသခံတွေ လာယူနိုင်တယ်လို့ပြောပြီး အချုပ်သားတွေကိုလည်း လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

MNDAA ဘက်က သိမ်းပိုက်ထားတဲ့ သိန္နီမြို့ဘက်မှာတော့ မြို့ထဲက ထွက်ခွာချင်ရင် ခွင့်တောင်းပြီး ထွက်ခွာလို့ရပေမဲ့ မြို့ခံအများစုကတော့ မြို့ထဲမှာပဲ ဆက်ရှိနေကြကြောင်းနဲ့  အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကလည်း  နှစ်ဆကျော်အထိ မြှင့်တက်နေပြီလို့ သိရပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ မုံးကိုး၊ ဖောင်းဆိုင်ဘက်မှာ စစ်ကောင်စီတပ်အားလုံးကို ရှင်းထုတ်နိုင်ခဲ့ပြီလို့ MNDAA ပြောခွင့်ရသူက ဒီဘီဘီကို ပြောပေမဲ့ သိန္နီမြို့နယ်မှာတော့ စစ်ဆင်ရေးတွေ ဆက်လုပ်နေပြီး သတင်းအတိအကျ ရောက်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

MNDAA ပြောခွင့်ရသူက “မြို့ခံတွေက အခြေအနေကောင်းပါတယ်။ ကျနော်တို့က စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာတွေကိုပဲ စစ်ဆင်ရေး ဖော်ဆောင်တာပါ။ ပြည်သူ အရပ်သားများတဲ့နေရာတို့ဆိုရင် ကျနော်တို့ အဲလို မလုပ်ပါဘူး။ သိန္နီအခြေအနေက ကျနော်တို့ဆီ အခုလောလောဆယ် မရောက်လာသေးဘူး”လို့ ပြောပါတယ်။

စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးနောက်  ၅ ရက်အတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ (MNDAA ၊ TNLA နဲ့ AA တို့ဘက်က စစ်ကောင်စီရဲ့ တပ်စခန်း ၈၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းရွှေဟော်မြို့ကိုလည်း အလုံးစုံ ထိန်းချုပ်နိုင်ထားပြီလို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာ ၃၀ ရက်အထိ ဒေသခံအရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး စစ်ရှောင်ဦးရေကလည်း ၁၀,၀၀၀ ကျော်လာနေပြီလို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီစစ်ရှောင်စာရင်းတွေထဲမှာ အခုသိန္နီမြို့မှာ ပိတ်မိနေတဲ့ လူဦးရေကို ထည့်သွင်းထားတာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013