Home
နိုင်ငံတကာ
ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကြောင့် သေဆုံးသူ ၁၀,၀၀၀ နီးပါးအထိ မြင့်တက်
DVB
·
October 31, 2023

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ၂၄ ရက်မြောက်ဖြစ်တဲ့  အောက်တိုဘာ ၃၀ ရက် အထိ နှစ်ဖက်စလုံးက လူပေါင်း ၉,၈၀၀ ကျော် သေဆုံးခဲ့ပြီလို့ နှစ်ဖက် တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဂါဇာကမ်းမြောင်ကို အစ္စရေးက တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းမှာ သေဆုံးသူ ၈,၃၀၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဟားမတ်စ်အဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 

အစ္စရေးစစ်တပ် ပစ်မှတ်တွေနဲ့ မြို့တွေမှာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်ရဲ့ အကြီးစား တိုက်ခိုက်မှုကြောင့် အစ္စရေးက ပြန်တိုက်ခိုက်ခဲ့ရတာဖြစ်ပြီး အခုထိ အနည်းဆုံး လူပေါင်း ၁,၄၀၀ သေဆုံးခဲ့ရကြောင်း အစ္စရေး ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

ဂါဇာကမ်းမြောင်မှာ ၃ ပတ်တာကာလအတွင်း ကလေးငယ် ၃,၂၀၀ နီးပါး သေဆုံးခဲ့ပြီး ဒီအရေအတွက်ဟာ ၂၀၁၉ ခုနှစ်ကစပြီး ကမ္ဘာ့ပဋိပက္ခဇုန်တွေအတွင်း နှစ်စဉ်သေဆုံးရတဲ့ ကလေးအရေအတွက်ကို ကျော်လွန်သွားခဲ့ပြီလို့ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA)  အကြီးအကဲ ဖိလစ်ပယ် လက်ဇာရီနီက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဂါဇာဒေသခံတွေဟာ တခြားအရပ်သားတွေလို ဆက်ဆံမခံရဘူးလို့ ခံစားနေရပြီး လူအများစုကလည်း သူတို့နဲ့ ဘာမှမသက်ဆိုင်တဲ့ စစ်ပွဲမှာ ပိတ်မိနေတယ်လို့ ခံစားနေရကြောင်းနဲ့ ကမ္ဘာကြီးကလည်း သူတို့အားလုံးကို ဟားမတ်စ်နဲ့ အတူတူပဲလို့ ထင်မြင်ယူဆထားကြလို့ ဒါက အန္တရာယ်များတယ်လို့လည်း လက်ဇာရီနီက ပြောပါတယ်။

အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး  ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အနောက်အုပ်စုကို အောက်တိုဘာ ၃၀ ရက်က အပြစ်တင်လိုက်ပါတယ်။

ရုရှားရဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ၊ အစိုးရနဲ့ တရားဥပဒေစိုးမိုးရေး အေဂျင်စီတွေရဲ့ အကြီးအကဲတွေ တက်ခဲ့တဲ့ အစည်းအဝေးအတွင်း ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ ကြေညာချက်ထဲမှာ ပူတင်က ခုလိုပြောလိုက်တာပါ။

ရုရှားနိုင်ငံဟာ ယူကရိန်း အကျပ်အတည်းအတွက်လည်း အနောက်အုပ်စုကို အပြစ်တင်ခဲ့ပြီး ယူကရိန်းနိုင်ငံ အပါအဝင် ပါလက်စတိုင်းပြည်သူတွေရဲ့ အနာဂတ်နဲ့ ကမ္ဘာတခုလုံးရဲ့ အနာဂတ်အတွက် ရုရှားက တိုက်ပွဲဝင်နေတယ်လို့လည်း ပြောခဲ့ပါတယ်။

မနေ့ညက ဒါဂျက်စတန်ပြည်နယ်က လေဆိပ်တခုမှာ လူအုပ်က အစ္စရေးကနေ ရောက်လာတဲ့ ခရီးသည်တွေကို ကြားဖြတ်ဟန့်တားဖို့ ကြိုးပမ်းခဲ့တဲ့ လုပ်ရပ်ဟာ အနောက်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့တွေနဲ့ ယူကရိန်းတို့က ဒါဂျက်စတန်မှာ ပြဿနာတက်အောင် ကူညီတဲ့ လုပ်ရပ်လို့လည်း ပူတင်က စွပ်စွဲခဲ့ပါတယ်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ပိုကျယ်ပြန့်လာနေချိန်မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းချက်ကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အောက်တိုဘာ ၃၀ ရက်မှာ ငြင်းပယ်ပြီး ဟားမတ်စ်တွေကို ချေမှုန်းမယ့် အစီအစဉ်ကို ဆက်လုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။

အဲဒီနောက် အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းမှာ အစ္စရေးက ဂါဇာကို မြေပြင်စစ်ဆင်ရေး တိုးချဲ့လိုက်လို့ အစ္စရေးတင့်ကားတွေ ဂါဇာမြောက်ပိုင်းကို အရှိန်မြှင့် ဝင်ရောက်ခဲ့ပါတယ်။

ဒါကြောင့် အဝိုင်းခံ ပါလက်စတိုင်းနယ်မြေဖြစ်တဲ့ ဂါဇာကမ်း‌ေမြာင်မှာ ပေါက်ကွဲမှုတွေနဲ့ လှုပ်ခတ်နေပြီး မီးခိုးတိမ်တွေ ဝန်းရံနေတဲ့ အဆောက်အဦ အပျက်အစီးတွေ တန်းစီနေပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024