DVB Logo
Home
မြန်မာသတင်း
ပင်းပက် သံမဏိစက်ရုံ စီမံကိန်း ပိတ်သိမ်းရန် တောင်းဆို
DVB
·
October 31, 2023
ပင်းပက် သံမဏိစက်ရုံ စီမံကိန်း ပိတ်သိမ်းရန် တောင်းဆို
1 / 2
Donate to DVB

ရုရှားနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ပင်းပက် သံမဏိစက်ရုံ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေတဲ့အတွက် ဒီစီမံကိန်းကို ပိတ်သိမ်းဖို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က တောင်းဆိုလိုက်ပါတယ်။

စက်မှုဝန်ကြီးဌာနပိုင် အမှတ် ၂ သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းကြောင့် ဒေသခံလူထုရဲ့ ယဉ်ကျေးမှု၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး ထိခိုက်တဲ့အပြင် ရေအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင်နဲ့ မြေယာဆုံးရှုံးမှုတွေ ဖြစ်စေတဲ့အတွက် ဒီစီမံကိန်းကို ပိတ်သိမ်းဖို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က အောက်တိုဘာ ၃၀ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ် တောင်းဆိုလိုက်တာပါ။

ဒီစီမံကိန်းဆက်လုပ်နေပါက ဟိုပုံးလွင်ပြင်အပြင် ဟိုပုံလွင်ပြင် အလယ်ပိုင်းကနေ ဖြတ်သန်းစီး ဆင်းပြီး ကျေးရွာပေါင်း ၁၀၀ ကျော် မှီတင်းနေထိုင်တဲ့ နမ့်တဘက်ချောင်းလည်း ရေထု ညစ်ညမ်းမှာ ဖြစ်တယ်လို့  PYO အစည်းအရုံးဝင် မနန်းက ပြောပါတယ်။

“ပင်းပက်သံမဏိစက်ရုံရဲ့ ဆိုးကျိုးတွေကို ဆက်ခံရမယ့် ဒေသတွေကဆိုရင် ဟိုပုံးလွင် ပြင်တပြင်လုံး ပါမယ်။ နောက်အဲဒီမှာ နမ့်တဘက်ချောင်းဟာဆိုရင် ဟိုပုံးလွင်ပြင်အလယ်ကနေ စီဆင်းပြီး ရွာပေါင်း ၁၀၀ ကျော်က အဲဒီချောင်းရဲ့ရေကို မှီပြီး အသက်မွေးဝမ်းကျောင်းတာ၊ စိုက်ပျိုးရေး၊ သောက်သုံးရေ၊ မွေးမြူရေးအတွက် သုံးတယ်။ အဲဒီချောင်းရေက ပွန်ချောင်းနဲ့ ပုံးအင်းဒေသထဲကိုလည်း စီးတယ်။ နောက်ပွန်ချောင်းရေက ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် တောင်ဘက်မှာရှိတဲ့ သံလွင်မြစ်ထဲကိုလည်း ထပ်ပြီးတော့ စီးဆင်းတယ်။”

ပင်းပက်သံမဏိစက်ရုံစီမံကိန်းကြောင့် ဒေသခံတွေရဲ့ မြေယာတွေ သိမ်းဆည်းခံရပြီး မြေမဲ့ယာမဲ့ အလုပ်လက်မဲ့တွေလည်းပေါက်ပေါက်လာခဲ့တယ်လို့ မနန်းက ပြောပါတယ်။

“ဒီစီမံကိန်းရောက်လာပြီးနောက်ပိုင်း ဒီမြေပေါ် မူတည်ပြီး ပုံမှန်ဝင်ငွေရှာရတဲ့ မိသားစုတွေ ထိခိုက်ဆုံးရှုံးတာတွေ ရှိလာတယ်။ လုပ်စရာအလုပ် မရှိတော့ဘူး။ လူငယ်တွေ သားသမီးတွေ တခြားနိုင်ငံသွားပြီး အလုပ် လုပ်နေရတယ်။”

တောင်ကြီးမြို့နဲ့ ၈ မိုင်လောက် အကွာ နမ့်ဆီးကျေးရွာအုပ်စု ပင်းပက်မှာရှိတဲ့ မြေ ဧက ၅၂၆၀ ပေါ်မှာ တည်ဆောက်ထားတဲ့ အမှတ် ၂ သံမဏိစက်ရုံ(ပင်းပက်)ဟာ  ၂၀၁၇ ခုနှစ်က ပိတ်ခံခဲ့ရတာ ဖြစ်ပြီး အခု အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ရုရှားတို့ပူးပေါင်းပြီး ပြန်လည်ပတ်နိုင်ရေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပင်းပက်တောင်မှာ သံရိုင်းသိုက်ရှိတာကို ၁၉၅၁ ခုတွင် စတွေ့ခဲ့ပြီး အဲဒီစက်ရုံက တနှစ်ကို သံစိမ်း တန် ၂၀၀ ၀၀၀၊ သံရိုင်း တန် ၇၂၀ ၀၀၀ ကို ထုတ်လုပ်နိုင်တယ်လို့ စက်မှုစာရင်းမှာ ဖော်ပြပါတယ်။

အခုနှစ်ဇန်နဝါရီလမှာ အဲဒီစက်ရုံ စီမံကိန်းပြန်စဖို့ ရုရှားနိုင်ငံက တာဝန်ရှိသူတွေနဲ့ စက်မှုဝန်ကြီးဌာနတို့ ပင်းပက်ကို လာစစ်ဆေးခဲ့သလို စစ်ခေါင်းဆောင်နဲ့ ရုရှားကုမ္ပဏီ TPE နဲ့တွေ့ဆုံပြီး နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပါတယ်။

အောက်တိုဘာ ၂၂ ရက်ကလည်း ပင်းပက်သံမဏိစက်ရုံနဲ့ ချိတ်ဆက်ဖောက်လုပ်ထားတဲ့ ၁၀ ဒသမ ၇ မိုင်အရှည်တဲ့ ရွှေညောင်-တောင်ကြီး-နောင်ကား လမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းကို  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

အရင်က ပင်းပက်တောင် ထင်းရူးတောင် အကြီးကြီးဖြစ်ခဲ့ပေမယ့် အခု ပင်းပက်စီမံကိန်းကြောင့် အဲဒီတောင်ကြီး ပျောက်သွားပြီလို့ ပအိုဝ်းလူငယ်အစည်းအရုံးအဖွဲ့ဝင် မနန်းက  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပင်းပက်ဒေသခံ ကိုလူလေးက “စီမံကိန်းမလာခင်မှာ ကျနော်တို့ဒေသက တောတောင် ရေမြေ အနေအထားအရ နေထိုင်လို့ အဆင်ပြေတဲ့ဒေသပါ။ လယ်မြေ၊ ယာမြေတွေ ရှိတယ်။ ခြံမြေရှိတယ်။ သီးနှံမျိုးစုံလည်း စိုက်ပျိုးကြတယ်။ စိုက်ပျိုးရောင်းဝယ်သွားလာ အတော်လေးကို အဆင်ပြေတယ်။ အဲဒီတော့ စားဝတ်နေရေး၊ ကျန်းမာရေး၊ သားသမီးတွေရဲ့ ပညာရေးက လူမှုရေးတွေ စတဲ့အရေးပေါင်းစုံကို စိုက်ပျိုးရေးနဲ့ပဲ ဖြေရှင်းခဲ့ကြတယ်။ ၂၀၀၄-၂၀၀၅ ပင်းပက် သံမဏိစက်ရုံစီမံကိန်း ရောက်လာခဲ့တယ်။  စိုက်ပျိုးမြေတွေကို သိမ်းတယ်။ တောတွေ တောင်တွေကို သိမ်းတယ်။ သင်္ချိုင်းမြေပါမကျန် ကျနော်တို့ အသိမ်းခံခဲ့ရတယ်။ တချို့ နေအိမ်တွေတောင်မှ ပြောင်းရွှေ့ပေးခဲ့ရတာ ရှိပါတယ်။ အခုစီမံကိန်း ပြန်စဖို့ အတော်လေး နီးနေပြီလို့ သိရတယ်။ စက်ရုံသာ လည်ပတ်နိုင်မယ်ဆိုရင် ကျနော်တို့အတွက် ဆိုးဆိုးရွားရွား ဒုက္ခတွေ ကြုံတွေ့လာနိုင်မယ်။ စက်ရုံက ထွက်လာမယ့် အခိုးအငွေ့တွေ၊  အမှုန်အမွှားတွေ၊ အနံ့ဆိုးတွေ၊ စွန့်ထုတ်လာမယ့် ရေဆိုးတွေ၊ လိုအပ်ရင် လိုအပ်သလို ကျနော်တို့မြေတွေ ထပ်ပြီးတော့ အသိမ်းဆည်းခံရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒီစက်ရုံက စွန့်ထုတ်လာမယ့် ရေဆိုးကလည်း နမ့်တဘက်ချောင်းထဲကို ထည့်ထားတဲ့အခါကျတော့ နမ့်တဘက်ချောင်း တောက်လျှောက် လူပေါင်းများစွာကို ဒုက္ခရောက်နိုင်ပါတယ်။”

၂၀၁၇ ခုနှစ်ကတည်းက  ၅ နှစ်နီးပါး ရပ်ထားတဲ့ ဒီစက်ရုံကို စစ်ကောင်စီလက်ထက် ပြန်လည်ပတ်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး သတ္တုသိုက်၊ သံရိုင်းသိုက်အပြင် ယူရေနီယမ် ထွက်တယ်လို့လည်း ပအိုဝ့်လူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒီ သံမဏိစက်ရုံနားမှာလည်း ရှမ်းရိုးမဘိလပ်မြေစက်ရုံနဲ့  ခနောက်စိမ်းသန့်စင် စက်ရုံတွေ ရှိနေပါသေးတယ်။

နှစ်ပေါင်းကြာရှည်အောင် စတင်ဖို့ ကြိုးပမ်းနေတဲ့ အဲဒီစီမံကိန်းဟာ ပြည်တွင်းစစ်နဲ့ အာဏာသိမ်းမှုတွေကြောင့် မစနိုင်ခဲ့ဘဲ ၁၉၉၁ ခုနှစ်မှာ ပအိုဝ်းအမျိုးသားလက်နက်ကိုင်အဖွဲ့နဲ့ အပစ်ရပ် သဘောတူအပြီး ကြိုးစားခဲ့ပါသေးတယ်။

၂၀၀၃ ခုနှစ်အထိ သတ္တုတူးဖော်ရေးသာ လုပ်ဆောင်နိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ စက်ရုံ တည်ဆောက်ဖို့ ပင်ငို၊ မုဲင်းဟုဲင်၊ ပုံးစင်၊ နောင်ကာကယ်၊ ထီအုန်းစိမ်း၊ စူမုဲင့်ရွာတွေနဲ့ တောင်ကြီးမြို့ အစွန်းပိုင်းက မြေတချို့ကို သိမ်းယူခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013