DVB Logo
Home
မြန်မာသတင်း
စစ်တပ် လက်နက်ကြီး ပစ်ခတ်ကြောင့် မူးမြို့နယ်ဒေသခံ ၂၅၀၀ ခန့် ထွက်ပြေးနေရ
DVB
·
October 30, 2023
စစ်တပ် လက်နက်ကြီး ပစ်ခတ်ကြောင့် မူးမြို့နယ်ဒေသခံ ၂၅၀၀ ခန့် ထွက်ပြေးနေရ
Donate to DVB

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင် တပ်မဟာ(၃)၊ မူးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် မူးမြို့နယ်ဒေသခံ ၂၅၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၈ ရက် နေ့လည် ၁၂ နာရီခွဲလောက်က စစ်ကောင်စီတပ်ရဲ့ ဒုံစရစ်တပ် ခမရ-၅၈၉၊ စကခ-၂၁ ဗန်းမော် လက် အောက်ခံ ရွှေက္ကူတပ် ခမရ−၆၀၂ တို့ဟာ မူးမြို့နယ်ထဲက သပြေညွှန့်စခန်း၊ မိုးပျံစ ခန်းတိုကို လာရောက်ပူးပေါင်းခဲ့ကြပါတယ်။

ည ၈ နာရီကျော်လောက်မှာ သပြေညွှန့်စခန်းနဲ့ ရဲစခန်းက လက်နက်ကြီး ၂ လုံးကို ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေထဲကို ပစ်ခတ်ခဲ့ ရာ ကျောက်ကြီးပေါက် ကျေးရွာဘေးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၃) လက်အောက် တပ်ရင်း တပ်ဖွဲ့တွေ၊ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ တယ်လို့ ဆိုပါတယ်။

အဲဒီလို လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ကျောက်ကြီး ပေါက်၊ ဆမ်မန်းပေါက်၊ သပြေညွန့်၊ ရွှေပြည်သာ၊ လေလံကုန်းစတဲ့ ကျေးရွာ ၅ ရွာက လူဦးရေ ၂,၀၅၂ ယောက် အသက်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အစားအစာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၀ ရက်ကလည်း စစ်ကောင်စီ ခမရ-၃၅၁ ကနေ နိုတောတာ (မရမ်းစိန်လေး) ကျေးရွာဆီ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့တဲ့အချိန်ကစတင်ပြီးတော့ ကျေးရွာလူဦးရေ ၄၀၄ ယောက် စတင်စစ်ဘေးရှောင်ခဲ့ရပြီး ဒီကနေ့အထိ နေရပ် မပြန်နိုင်သေးတာကြောင့် နေရာထိုင်ခင်း၊  အစားအစာနဲ့ ဆေးဝါးတွေစတဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့   ရွာမီးရှို့၊ လက် နက်ကြီးနဲ့ ပစ်ခတ်၊ လေယာဉ်နဲ့ ဗုံးကြဲမှုတွေကြောင့် အရပ်သား ပြည်သူတွေရဲ့ နေအိမ်တွေ ၇၅၀၀၀  လောက် ဖျက်ဆီးခံခဲ့ရပြီး စစ်ဘေးရှောင် ပြည်သူ ၂ သန်းကျော်ထိ ရှိလာတဲ့အပြင် လူဦးရေ ၁၅ သန်းလောက် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။​

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Photo : KNU

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013