DVB Logo
Home
မြန်မာသတင်း
ပယ်သူကြီးရွာကို စစ်တပ်ကမီးရှို့၊ လက်နက်ကြီးကြောင့် မြိုင်ပြည်သူ ၄ ဦးသေဆုံး၊ ထီးချိုင့်တွင် တိုက်ပွဲဖြစ်
DVB
·
October 30, 2023
ပယ်သူကြီးရွာကို စစ်တပ်ကမီးရှို့၊ လက်နက်ကြီးကြောင့် မြိုင်ပြည်သူ ၄ ဦးသေဆုံး၊ ထီးချိုင့်တွင် တိုက်ပွဲဖြစ်
Donate to DVB

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ ပယ်သူကြီးရွာကို အောက်တိုဘာ ၃၀ ရက် မနက် ၈ နာရီ ၄၅ မိနစ်လောက်မှာ စစ်ကောင်စီ စစ်ကိုင်းမြို့တပ်မ ၃၃ က မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က စစ်ကိုင်းကနေ ဒူရွာ၊ ခက်ခရွာတွေကို စစ်ကြောင်းထိုးလာတယ်ဗျ။ ကျနော်တို့ ရွာကလူတွေကတော့ ၂၈ ရက်နေ့ညနေကတည်းက ရှောင်နေကြတာ။ သူတို့က ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ခင်း ရွာကိုရောက်လာပြီး မီးရှို့တော့တာပဲ။ ဘာလို့ မီးရှို့တာလဲဆိုတော့ တိုက်ပွဲဖြစ်တဲ့အသံလည်း မကြားပါဘူး။ အကြောင်းမဲ့ကို မီးရှို့တာပဲလို့ ပြောရမယ်” လို့ ပါယ်သူကြီး ရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ် ရွာထဲကနေ မထွက်ခွာသေးတာကြောင့် အိမ်ခြေဘယ်လောက် မီးလောင်ဆုံးရှုံးတယ်ဆိုတာ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ် မီးရှို့နေတဲ့ ပယ်သူကြီးရွာဟာ အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး ၂၀၂၃ မေ ၂၅ ရက်ကလည်း ပထမအကြိမ် မီးရှို့ခဲ့သေးတယ်လို ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့နေတာကြောင့်  ကျေးရွာ ၅ ရွာက ပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်းက စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့  တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကုက္ကိုလ်ကုန်းနဲ့ သခွပ်ချောင်ရွာနားမှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်ကို KIA/PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသားတဦးက  "ကုက္ကိုကုန်းနဲ့ သခွပ်ချောင်ကျေးရွာတွေက ထီးချိုင့် နဲ့ အလွန်ဆုံးဝေးရင်  ၂ မိုင် ကျော်ကျော်ပဲ၊ အဲဒီမှာ တိုက်ပွဲဖြစ်တာ။ အဲဒီရွာက သူတွေလည်း ပြေးနေရတယ်။ နှစ်ဘက် ထိခိုက်သေဆုံးတာ ရှိ၊ မရှိ သေချာမသိရဘူး" လို့ ပြောပါတယ်။

စစ်တပ်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စစ်တပ်က လေယာဉ်နဲ့ မင်းဝန်တောင်ရိုး တလျှောက်ကို မနက် ၁၁ နာရီ ၂၀ မိနစ်မှာ ၁ ကြိမ်၊ နေ့လယ် ၁ နာရီခွဲမှာ ၁ ကြိမ်  ဗုံးကြဲခဲ့တယ်လို့ Tigyaing Revolution (TR)က ထုတ်ပြန်ထားပါတယ်။

ထီးချိုင့်မြို့နယ်အတွင်း အောက်တိုဘာ ၁၉ ရက် တိုက်ပွဲမှာ စစ်တပ်က ၈ ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ 

မကွေးတိုင်း  မြိုင်မြို့နယ်၊ ကင်းရွာကို စစ်တပ်က အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ လက်နက်ကြီးပစ်ခတ်တာကြောင့် ကိုရင် ၂ ပါးအပါအဝင်​ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်လက်နက်ကြီး ကျည်ဟာ အိမ်ခေါင်မိုးပေါ်ကျပြီး ဦးစိုးတင့် နေမှာတင် သေဆုံးခဲ့ပြီး ဇနီးနဲ့ ၇ နှစ်အရွယ် သမီးတို့ ပြင်းထန်ဒဏ်ရာရခဲ့တာကြောင့် ဆေးရုံပို့ကုသရာမှာ သမီးဖြစ်သူ ထပ်မံ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပခုက္ကူအခြေစိုက် တပ်မ-၁၀၁ က ပျူစောထီးရွာတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကင်းရွာအနောက်ဘက်နားက ရွာထဲကိုလည်း ကျရောက်ပြီး ကိုရင် ၂ ပါးပျံလွန်တော်မူကာ ရွာသား ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

Burma Revolution Rangers တာဝန်ခံ ကာတွန်းက ''တိုက်ပွဲရှိလို့ ပစ်တာ လက်သင့်ခံနိုင်သေးတယ်။ ကျနော်တို့ လက်နက်ကိုင်အချင်းချင်းပစ်တာက အကြောင်းမရှိပေမယ့် ပြည်သူတွေကို စာနာပေးပါ'' လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ ရက်လောက်ကလည်း ကျန်းမာရေးမကောင်းတဲ့ ရောဂါအခံရှိတဲ့ ၅၀ ကျော် အမျိုးသမီးတဦးလည်း လက်နက်ကြီးသံကြောင့် ထိတ်လန့်သေဆုံးခဲ့ပါတယ်။

ကင်းရွာမှာ အိမ်ခြေ ၁၃၀ ဝန်းကျင်ရှိပြီး လူဦးရေ ၅၀၀ နေထိုင်ကာ နေအိမ်တွေပေါ် လက်နက်ကြီး ပစ်ခတ်ခံရတာ ၅ ကြိမ်နီးပါးရှိပြီး အရင်ပစ်ခတ်မှုမှာ အသက် ၃၅ ဝန်းကျင် အမျိုးသားတဦး ပေါင်မှာ ထိခိုက်ဒဏ်ရာရခဲ့သေးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013