Home
မြန်မာသတင်း
စစ်ကိုင်းနှင့် ရေစကြိုတွင် တိုက်ခိုက်ခံရပြီး စစ်သားနှင့်ရဲ ၆ ဦးသေ၊ ၉ ဦး ဒဏ်ရာရ
DVB
·
October 29, 2023

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၄ ယောက်သေ၊ ၅ ယောက် ဒဏ်ရာရပြီး စစ်ကိုင်းမြို့က ကံတလူတိုးဂိတ်လည်း ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကံတလူတိုးဂိတ်ကို အောက်တိုဘာ ၂၇ ရက် မနက် ၁၁ နာရီ တိုက်ခိုက်မှုမှာ ရဲ ၂ ယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့ပြီး ဆေးရုံအရောက်မှာ ၁ ယောက် သေဆုံးခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၈ ရက် မနက်ပိုင်း တိုက်ခိုက်မှုမှာတော့ ရဲနဲ့ပျူစောထီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၁ ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “တိုက်ခိုက်မှုကို သေချာ စဉ်းစားပြီးမှ လုပ်ခဲ့ရတာ။ အဲဂိတ်က အမြဲ ခရီးသည်ကားတွေ ကုန်ကားတွေ မပြတ်ဘူးဆိုတော့ ပြည်သူတွေထိမှာ စိုးရိမ်ရတယ်။ အခုက ခက်ခက်ခဲခဲပြုလုပ်ခဲ့ရတာ ကျနော်တို့ ဒရုန်းရဲဘော်ကလည်း တော်တယ်ပြောရမယ်၊ သူချတဲ့နေရာ ကွတ်တိတွေကို ကျတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတွေနဲ့ ပူးပေါင်းပြီး ဂိတ်အခွန်ကောက်ခံနေတဲ့ ရွှေတောင် ဝန်ထမ်းတွေကိုလည်း နောက်ဆုံးသတိပေးတာဖြစ်ပြီး ဆက်လက်ပူးပေါင်းပြီး အခွန်ကောက်ခံ နေဦးမယ်ဆိုရင် အကောင်ခွန်ဂိတ်ကို ဦးတည်တိုက်ခိုက်သွားမှာပါလို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကံတလူဂိတ်ဟာ စစ်သား၊ ရဲ၊ မော်တော်ပီကယ်နဲ့ ပျူစောထီးတွေ အကုန်ရှိတဲ့ ဂိတ်ဖြစ်တဲ့အပြင် ကုန်ကားကြီးတွေကို အဓိကထား စစ်ဆေးပြီး ဆက်ကြေး တောင်းခံတဲ့ နေရာတခုလည်း ဖြစ်တယ်လို့ မုံရွာ-မန္တလေးကုန်ကားမောင်းသူ အမျိုးသားတယောက်က ပြောပါတယ်။

“အရင်တုန်းကဆို ၃၀၀၊ ၅၀၀ လောက်ပဲပေးရတယ် အခု တထောင်ကျော်ပေးရတယ်။ စစ်သား၊ ရဲ၊ မော်တော်ပီကယ်ဆိုပြီး ၃ ဖွဲ့ရှိတယ် တဖွဲ့ကို တထောင်စီ ထပ်ပေးရတယ်။ မန္တလေးကနေ ပြန်လာလို့ ကုန်ပါလာရင်လည်း ထပ်ပေးရသေးတာ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ Phoenix Sgg၊ Royal Falcon Guerrilla Force fight for federal နဲ့ တောတွင်းတွတ်ပီအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာတော့ အောက်တိုဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံး၊ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့-MBT ဆီကနေ သိရပါတယ်။

ရေလယ်ကျွန်းဒေသကို အောက်တိုဘာ ၂၆ ရက်နေ့က စလို့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၂၈ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာလို့ MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲ ၄ နာရီအတွင်းမှာ စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်ကလည်းစစ်ကြောင်း ၃ကြောင်းခွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ မဟာမိတ် စစ်ကြောင်း ၃ ခု မှာ တခုက တပ်ကျွံသွားပြီး အပိတ်ခံလိုက်ရတာကြောင့် ရေလယ်ကျွန်းနဲ့ မြောင်နယ်က မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒရုန်းတွေ၊ ၆၀ မမတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့လို့ ညနေ ၆ နာရီလောက်မှာ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024