မြန်မာဘက်ခြမ်း၊ မုံးကိုးမှာ တိုက်ပွဲအခြေအနေဆိုးဝါးလာရင် ရှောင်တိမ်းဖို့အတွက် တရုတ်ဘက်ခြမ်း မန်ဟိုင်းမှာ အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး နေရာစီစဉ်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မုံးကိုး၊ ပန်ဆိုင်း၊ မူဆယ်တို့က နယ်စပ်ဒေသခံတွေဟာ ဟိုဘက် ဒီဘက် မိသားစုတွေက ဆက်နွှယ်နေတာကြောင့် ခွဲခြားလို့မရတဲ့အပြင် တရုတ်ဘက်က လူသားချင်းစာနာ ထောက်ထားတဲ့အနေနဲ့ ဆောင်ရွက်နေတာဖြစ်မယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဒီနေ့ကနေ ပြင်ဆင်နေပြီ။ အခြေအနေဆိုးလာရင် ဟိုဘက် ဝင်ခွင့်ပေးဖို့။ မန်ဟိုင်းဘက်မှာ လုပ်နေတာ စစ်ရှောင်တွေအတွက်။ မုံးကိုး ဒီ မြန်မာဘက်ခြမ်း အရမ်းဆိုးဝါးလာရင် မန်ဟိုင်းဘက် ဝင်ခွင့်ပေးဖို့ အစိုးရ ပြောထားတာတဲ့။ အဲဒါကြောင့် လုပ်ထားခိုင်းတာတဲ့။ တောက လူတွေနဲ့ ညှိထား ပုံရတယ်” လို့ သူက ပြောပါတယ်။
နောက်ထပ် ဒေသခံ အမျိုးသမီးတယောက်ကလည်း အရင်နှစ်တွေ တိမ်းရှောင်ခဲ့ရ တုန်းကလည်း အခုလိုပဲ ကိုးကန့် MNDAA ဘက်က တရုတ်ဘက်ကို ညှိထားပေးတာလို့ သိရကြောင်း ပြောပါတယ်။
"အရင်နှစ်တွေမှာ တိမ်းရှောင်တော့လည်း နေရာပေးတာကို ကိုးကန့်ဘက်က ပိုက်ဆံ ပေးထားတာလို့ ကြားတယ်" လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ မုံးကိုးမြို့နယ်က စစ်မြေပြင်နဲ့နီးရာနေရာဘက်က ဒေသခံတွေဟာ မြို့ပေါ်က ဆွေမျိုး၊ အသိအိမ်၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်လာသူတွေရှိသလို့ နှစ်နိုင်ငံနယ်စပ် စည်းရိုးအနီးတွေမှာ တဲဆောက် ရှောင်နေကြရပြီး တောထဲမှာရှောင်နေသူတွေနဲ့ တချို့က ကြားမှာပိတ်မိနေသူတွေ ရှိနေတယ်လို ဒေသခံတွေက ပြောပါတယ်။
မြောင်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး သုံးရက်မြောက်ပြီဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း နေရာအနှံ့ တိုက်ပွဲ ဖြစ်နေပါတယ်။