ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်ထဲမှာ တပ်သားသစ်စုဆောင်းရေးနဲ့ ပျူစောထီးသင်တန်းတက်ဖို့ လူသစ်စုဆောင်းနေတဲ့ ခလရ ၁ တပ်က ဗိုလ်ကြီးကို ဒီနေ့ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။
စစ်သားစုဆောင်းရေးတာဝန်ခံ ဗိုလ်ကြီး မျိုးဆန်းဝင်းဟာ အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၉ နာရီလောက်က ဇရစ်ချောင်းနဲ့ ချောင်းနားကျေးရွာကြားမှာ သေနတ်နဲ့ ၅ ချက်ပစ်ခံရလို့ နဖူးနဲ့ ရင်ဘတ်မှာ ထိမှန်သေဆုံးခဲ့တာပါ။
သာယာဝတီခရိုင်တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်လော်ရှိန်းက “သူ့မယားငယ်အိမ်ကို အဝင်အထွက်ရှိတယ် သတင်းကြားထားလို့ ပစ်ခတ် ရှင်းလင်းခဲ့တာ။ သူက တပ်ထဲမှာမနေဘူး မြို့ထဲမှာနေတာ။ စစ်သားစုဆောင်းရေးနဲ့ ပျူသင်တန်းတက်ဖို့ အုပ်ကြီးတွေနဲ့ပေါင်းပြီး စာမတတ်တဲ့ ကျေးရွာထဲက လူငယ်တွေကိုစည်းရုံးပြီး သင်တန်းတွေ တက်ခိုင်းနေလို့ ရှင်းလင်းခဲ့တာ” လို့ ပြောပါတယ်။
ဗိုလ်ကြီးမျိုးဆန်းဝင်းဟာ နေရာမှာတင်သေဆုံးခဲ့ပြီး ရုပ်အလောင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာရောက် သယ်ဆောင်သွားပြီလို့ သိရပါတယ်။
အခုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေဟာ မြို့တွင်းနဲ့ မြို့အဝင်အထွက် လမ်းတွေမှာ ပိတ်ဆို့စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ ညကလည်း မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း၊ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းဘေးက ဘန့်ဘွေးကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ကြောင်းက အရက်သောက်ပြန်လာသည့် စစ်သား ၂ ယောက်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲဘော်တွေက အနီးကပ်တိုက်ခိုက်ခဲ့လို့ စစ်သား ၁ ယောက် သေဆုံးခဲ့ပါသေးတယ်။
Photo -သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂