
မကွေးတိုင်း၊ မင်းလှမြို့နယ်အတွင်း မတ် ၂၈ ရက်နဲ့ ၃၀ ရက်တွေမှာ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၁၄ ယောက် သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက် ကျဆုံးခဲ့ပြီး စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့်လည်း စာသင်ကျောင်းဆောင် ၂ ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် (USBA) ဆီကနေ သိရပါတယ်။
၂၈ ရက် မနက် ၉ နာရီလောက်မှာ သရက် ကပစ ၁၂ ကနေ ကား ၃ စီးနဲ့ အင်အား ၄၀ လောက်ပါလာတဲ့ စစ်တပ်ယာဥ်တန်းကို သရက်-မင်းတုန်းလမ်းပေါ် မြို့ဟောင်းရွာနားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ၃ ယောက် သေပြီးတော့ ၂ ယောက် ဒဏ်ရာရတယ်လို့ USBA ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
“သေတဲ့အလောင်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို ကားပေါ်တင်ပြီး မင်းတုန်းမြို့ဘက်ကို သယ်သွားကြတယ်။ နောက်တပွဲက မတ်လ ၃၀ ရက်နေ့ ညနေပိုင်းမှာပါ။ မင်းလှမြို့နယ် ဒဟတ်ပင် ရေနံမှော်ထဲမှာ တပ်စွဲပြီး အနီးအနား ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတဲ့ အင်အား ၈၀ လောက်ပါတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ပွဲက ညနေ ၃ နာရီလောက်ကနေ ည ၁၀ နာရီလောက်အထိ ၇ နာရီလောက် ကြာခဲ့တယ်။ ရန်သူ့ဘက်က ၁၁ ယောက်ပြီး ၁၅ ယောက်ထက်မနည်း အပြင်းအထန် ဒဏ်ရာရလို့ ဒဏ်ရာရတဲ့သူတွေကိုလည်း သူတို့တပ်စွဲနေတဲ့ ဒဟတ်ပင် ရေနံမှော်ကနေ မင်းလှဘက်ကို သယ်သွားကြတယ်။”
မတ် ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြပေမဲ့ မတ် ၃၀ ရက်က ၇ နာရီနီးပါး ကြာခဲ့တဲ့ တိုက်ပွဲအတွင်း လက်နက်အင်အားနဲ့ လူအင်အား မမျှတဲ့အတွက် ဗမာပြည်ကာကွယ်ရေးတပ် (USBA) ဘက်က တပ်ဖွဲ့ဝင်တယောက် ကျဆုံးခဲ့ပါတယ်။
USBA ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက “ဒဟတ်ပင် ရေနံမှော်ထဲမှာ အခုလဆန်းပိုင်းကတည်းက ကပစ ၂၊ ၁၀ နဲ့ ၁၃ တွေ ပေါင်းပြီး အင်အား ၂၀၀ လောက်နဲ့ တပ်စွဲနေကြတာ။ တိုက်ပွဲဖြစ်မဲ့နေ့ မနက် ၄ နာရီခွဲလောက်မှာ ဒဟတ်ပင် ရေနံမှော်ထဲကနေ အင်အား ၈၀ လောက်က ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လင်းကယ်နယ်မြေရဲစခန်းကို ရောက်လာတယ်။ အဲဒီကနေ ပေရင်းရွာနဲ့ စမ်းအိုင်ရွာတွေဘက်ကို ဆက်ပြီး စစ်ကြောင်းထိုးပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးသယ်သွားကြတဲ့ အပြန်လမ်းမှာ စောင့်ပြီး လင်းကယ်ရွာနားမှာ ဖြတ်တိုက်ခဲ့တာပါ” လို့ ပြောပါတယ်။
အဆိုပါ ဒဟတ်ပင် ရေနံမှော်ထဲမှာ တပ်စွဲနေကြတဲ့ စစ်တပ်လက်အောက်ခံတွေဟာ ပေရင်းကျေးရွာနဲ့ စမ်းအိုင်ကျေးရွာတွေဘက်ကို စစ်ကြောင်းမထိုးခင် အရင်ရက်တွေကလည်း ပတ်ဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သလို စမ်းအိုင်ကျေးရွာ စာသင်ကျောင်းကိုလည်း ဒရုန်းနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းဆောင် ၂ ဆောင် ပျက်စီးခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကြောင်းထိုးခံရတဲ့ ပေရင်းကျေးရွာနဲ့ စမ်းအိုင်ကျေးရွာတွေ အပါအဝင် အနီးအနား ကျေးရွာတွေက ဒေသခံ ပြည်သူတွေဟာလည်း တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။










