
ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)ရဲ့ မြဝတီမြို့ ဒေသဖွံ့ဖြိုးရေးဌာနက ဗိုလ်ကြီး မင်းထက်ပိုင်ကို လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ထိုင်းဘတ်ငွေအတု၊ ငွေတုထုတ်စက်တွေ့ရှိမှုတို့နဲ့ ဘားအံမြို့အခြေစိုက် တပ်မ ၂၂ မှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လဒုတိယပတ်က KNU/KNLA-PC အဖွဲ့က ဗိုလ်ကြီးစောအာကာကို ထိုင်းဘတ်ငွေ အတုသုံးစွဲမှုနဲ့ မြဝတီ- မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားအနီးက SSS စားသောက်ဆိုင်မှာ စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ဗိုလ်ကြီး မင်းထက်ပိုင်ကို ဆက်လက်ဖမ်းဆီပြီး စစ်ဆေးနေတာပါ။
KNU/KNLA(PC) ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က “အခုက ကျနော်တို့ကို ဘယ်သူမှ အတိအကျ တိုင်ကြားတာတို့ ပြောဆိုတာတို့ မကြားသိရသေးဘူး။ မြဝတီမှာဆိုတာကလည်း နောက်ဆုံး လေ့လာကြည့်လိုက်တဲ့အခါကျတော့ တပ်ဖွဲ့ဝင် အစစ်တော့ မဟုတ်ဘူး။ ကိုယ်ပိုင်နံပါတ်တွေ ဘာတွေမရှိဘဲနဲ့ ဒီလိုမျိုး သူတို့ အောက်ခြေမှာ စီးပွားရေး လုပ်ဖော်လုပ်ဖက်တွေ ဒီလိုမျိုး ပတ်သက်ရာ ပတ်သက်ကြောင်း ရှိမယ်ထင်ပါတယ်။ တကယ့် တပ်ဖွဲ့ဝင် အစစ်အမှန်တော့ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
တပ်ဖွဲ့ဝင် အစစ်အမှန်ဟုတ်ခဲ့ရင်တော့ KNU/KNLA(PC) အဖွဲ့အစည်းက ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘဲ ချိုးဖောက်ရင် ဘယ်တပ်ဖွဲ့ဝင်ပဲဖြစ်ဖြစ် ဥပဒေအရ အရေးယူတယ်လို့ ဆိုပါတယ်။
ထိုင်းဘတ်ငွေတု ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး မြဝတီမြို့ အမှတ် ၄ ရပ်ကွက်က ဗိုလ်ကြီး မင်းထက်ပိုင်ရဲ့ ကံစစ်မြိုင်နေအိမ်ကို စစ်တပ်က စီးနင်းရှာဖွေရာမှာ ဘတ်ငွေအတုတွေ၊ ငွေတုလုပ်စက်နဲ့ လက်နက်တွေ သိမ်းဆည်းရမိခဲ့ပေမဲ့ ဗိုလ်ကြီး မင်းထက်ပိုင် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
ဒါကြောင့် ကရင်နယ်ခြားစောင့်တပ် အမှတ် ၄ တပ်နယ်က ဗိုလ်ကြီး မင်းထက်ပိုင်ကို ဖမ်းဆီးပြီး စစ်တပ်ကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။










