DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးက တဝက်ပြီးပြီးသားဖြစ်ကြောင်း ဒေါက်တာ တေဇာဆန်း ပြော
DVB
·
October 29, 2023
တော်လှန်ရေးက တဝက်ပြီးပြီးသားဖြစ်ကြောင်း ဒေါက်တာ တေဇာဆန်း ပြော
Donate to DVB

ပြည်သူတွေညီတယ်ဆိုရင် တော်လှန်ရေးက တဝက်ပြီးပြီးသားဖြစ်လို့ ရှေ့ဆက်ပြီးတော့ သွားကြမယ် လို့ ဒေါက်တာတေဇာဆန်းက တော်လှန်ရေး ရက် ၁၀၀၀ ပြည့်မှာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ကနေ ပြောကြားခဲ့ပါတယ်။

ဒေါက်တာ တေဇာဆန်းက “အခုလာမယ့် အောက်တိုဘာလ ၂၉ ရက်နေ့၊ သီတင်းကျွတ်လပြည့်နေ့ဟာဆိုရင် ပြည်သူ့နွေဦးတော်လှန်ရေးဟာ ရက်ပေါင်း ၁၀၀၀ တိတိ ပြည့်ခဲ့ပါပြီ။ ဒီရက် ၁၀၀၀ ခရီးဟာ နည်းတဲ့ခရီး မဟုတ်ပါဘူး။ ဒီခရီးကြမ်းကို ကျနော်တို့ ပြည်သူလူထုတရပ်လုံး ပါဝင်မှု ဆင်နွဲမှုနဲ့ အတူတူ ကျနော်တို့ ချီတက်ခဲ့တာဖြစ်ပါတယ်။ ဒီရက် ၁၀၀၀ အတွင်းမှာ ကျနော်တို့ရောက်ခဲ့တဲ့ တော်လှန်ရေးရဲ့ ရလဒ်တွေကို ကြည့်မယ်ဆိုရင် နည်းတဲ့အောင်ပွဲ၊ နည်းတဲ့ရလဒ်၊ နည်းတဲ့အရွေ့တော့ မဟုတ်ပါဘူး။ အဲဒီတော့ ဒါတွေကလည်း ပြည်သူလူထုတရပ်လုံးရဲ့ အစွမ်းကုန်ထည့်ဝင်မှု၊ ပါဝင်မှု၊ ဆင်နွှဲမှုတွေကြောင့် ရခဲ့တာဖြစ်တယ်” လို့ပြောပါတယ်။

တော်လှန်နေတဲ့ ပြည်သူတရပ်လုံးကို လေးလေးနက်နက် ဦးညွတ်ဂုဏ်ပြုတယ်လို့ပြောပြီး တော်လှန်ရေးခရီး ဖြစ်တာနဲ့အညီ အရင်းအနှီးတွေ၊ ဆုံးရှုံးထိခိုက်တာတွေလည်း အများကြီး ရင်ဆိုင်ခဲ့ရပြီးပေမဲ့ ရှေ့ဆက်ပြီးတော့လည်း ရှိလာဦးမယ်လို့ သူက ပြောပါတယ်။

ဆက်ပြီးတော့ “ကျနော်တို့အနေနဲ့ အမြဲတမ်း ပြောတယ်။ ကျနော်တို့ "ဘာမှမရင်းဘဲ ဘာမှမရဘူး"။ ကျနော်တို့ အောင်ပွဲအတွက်ထိုက်တန်တဲ့ အရင်းအနှီးတွေရှိရမယ် ဆိုတာလည်း ကျနော်တို့ ခံယူပြီးသား။ ကျနော်တို့ ယုံကြည်ပြီးသားလည်း ဖြစ်ပါတယ်။ နောက်တခုကလည်း ဒီတော်လှန်ခရီးသည် တာတိုခရီး မဟုတ်ဘူး။ တာလတ်ခရီး ဖြစ်မလား၊ တာဝေးခရီး ဖြစ်မလား၊ တတ်နိုင်သလောက် အမြန်ဆုံးနဲ့ ကျနော်တို့ လိုချင်တဲ့ အောင်ပွဲကိုရဖို့လည်း ကျနော်တို့ အစွမ်းကုန် တော်လှန်ရေးမှာ စဉ်ဆက်မပြတ် ပူးပေါင်း ပါဝင်နေရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ လူထုတိုက်ပွဲတွေပေါ့ဗျာ။ သံခင်းတမန်ခင်း လှုပ်ရှားမှုတွေ၊ ဘဏ္ဍာရေးစစ်မျက်နှာလို၊ စိတ်ဓါတ်စစ်ဆင်ရေး ဝါဒဖြန့်ချိရေးလို၊ နိုင်ငံရေးစစ်မျက်နှာလို စစ်မျက်နှာတွေမှာလည်း ရန်သူ အကြမ်းဖက်စစ်အုပ်စုက ဘက်ပေါင်းစုံက အရေးမလှ ဖြစ်နေတာကို ကျနော်တို့ တွေ့မြင်ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြည်သူလူထုတရပ်လုံးရဲ့ တော်လှန်ရေးမှာပါဝင်မှုဟာ အောင်ပွဲအတွက် အခရာသော့ချက် ဖြစ်ပြီး ရေတိုခရီးမဟုတ်တာကြောင့် လူထုရဲ့သက်လုံနဲ့ ခံနိုင်ရည်ဟာလည်း ဒီတော်လှန်ရေးအတွက် အဆုံးအဖြတ်ဖြစ်လို့ တော်လှန်ရေးရဲ့ ကဏ္ဍ၊ မဏ္ဍိုင်၊ မျက်နှာစာ အသီးသီးမှာ အစွမ်းကုန်ဆက်လက်ပြီးတော့ ပါဝင်နေဖို့လည်း သူက လေးလေးနက်နက် တိုက်တွန်းပါတယ်။ 

တော်လှန်ရေးသမားတွေဟာလည်း ပြည်သူရဲ့ သားသမီးတွေဖြစ်တဲ့အတွက် ပြည်သူလူထုကို လုံးဝမဆန့်ကျင်ဘဲ ပြည်သူကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့ ပြည်သူနဲ့အတူတူ ရပ်တည်ကြဖို့ပဲ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အခုတော်လှန်ရေးဟာ နှစ်ပေါင်း ၇၀ အတွင်း အကောင်းဆုံးရလာတဲ့ အခွင့်အရေးဖြစ်ပြီး လူကို လူလိုဆက်ဆံတဲ့၊ တန်းတူညီမျှတဲ့၊ အေးချမ်းသာယာတဲ့၊ နေချင်စဖွယ်နိုင်ငံတခု၊ ခေတ်သစ် စနစ်သစ်တခုကို တည်ဆောက်နိုင်ဖို့ အကောင်းဆုံး အခွင့်အရေးကြီးက လက်တကမ်းမှာ ရှိနေပြီလို့လည်း ဆိုပါတယ်။

“ကျနော်တို့ကြုံသလို အာဏာရှင်စနစ်တွေ အာဏာသိမ်းမှုတွေကို နောင်မျိုးဆက်သစ်တွေ မကြုံရတော့ဘဲနဲ့ နေပျော်တဲ့ နိုင်ငံတခုကို လက်ဆင့်ကမ်း အမွေပေးခဲ့နိုင်ဖို့ရာအတွက် ဒီကနေ့ ကျနော်တို့မျိုးဆက်တွေ ဒီကနေ့ ကျနော်တို့ ပြည်သူတွေ အကောင်းဆုံး အစွမ်းကုန် ရုန်းလိုက်ကြရအောင်ဗျာ။ ကြုံးလိုက်ကြရအောင်။ အောင်ပွဲက ကျနော်တို့ပြည်သူညီတယ် ဆိုရင် တော်လှန်ရေးက တဝက်ပြီးပြီးသားပါ။ ရှေ့ဆက်ပြီးတော့ သွားကြမယ်။ တော်လှန်ပြည်သူအားလုံး လေးစားတယ်။ ဂုဏ်ပြုတယ်။ အတူတူ ဆက်ပြီးတော့ ခရီးဆုံးအထိကို မမှိတ်မသုန်နဲ့ အတူတူ ချီတက်ကြပါစို့လို့ ပြောချင်ပါတယ်” လို့လည်း သူက ပြောခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းခဲ့ပြီး အခုဆိုရင် ရက် ၁၀၀၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013