
အရေးပေါ်ဆေးဝါးနဲ့ ရေသန့်စင်စက်တွေကို တင်ဆောင်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့ ကယ်ဆယ်ရေး ကုန်တင်ကား ၆ စီးဟာအောက်တိုဘာ ၂၇ ရက်က အီဂျစ်နိုင်ငံကနေ ဂါဇာကို ဝင်ရောက်ခဲ့ပါတယ်။
ရာဖှာ နယ်စပ်ဂိတ်ကနေ ဖြတ်သန်းသွားမယ့် အကူအညီပေးရေးယာဉ်တန်းမှာ စစ်ပွဲဆိုင်ရာ ခွဲစိတ်ကုသရေးအဖွဲ့တဖွဲ့နဲ့ လက်နက်အဆိပ်မိခြင်းဆိုင်ရာ ကျွမ်းကျင်သူတွေ အပါအဝင် ICRC ကျွမ်းကျင်ပညာရှင် ၁၀ ဦးတို့လည်း တစိတ်တပိုင်း လိုက်ပါသွားမှာဖြစ်ပါတယ်။၏
ဂါဇာရှိ ICRC ကိုယ်စားလှယ်အဖွဲ့ခွဲရဲ့ အကြီးအကဲ ဝီလျံစကော့ဘတ်ဂ်က “ICRC ဟာ အရေးပေါ်လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့အတူ ကုန်ကားတချို့ကို နောက်ဆုံးမှာ သယ်ဆောင်လာနိုင်ခဲ့ပြီး လာမယ့်ရက်တွေမှာ အထောက်အပံ့ နည်းပါးနေတဲ့ ဆေးရုံတွေကို ဖြန့်ဝေပေးနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ တင်ဆောင်ထားတဲ့ကုန်တင်ကားတွေကို အောက်တိုဘာ ၂၈ ရက်မှာ ဂါဇာကို ဝင်ရောက်ခွင့်ပြုမယ် လို့ ပြောကြားထားတာပါ။
ဒါဟာ အကူအညီ ပမာဏ အနည်းငယ်လောက် ရောက်ရှိထားတဲ့ အီဂျစ်နဲ့ နယ်စပ် ထိစပ်နေတဲ့ ဧရိယာမှာ အနည်းဆုံးတော့ ဗုံးကြဲတိုက်ခိုက်မှုတွေ ခဏတရပ်သွားနိုင်ကြောင်း ညွှန်ပြနေတယ်လို့ ဆိုပါတယ်။
အစ္စရေး ပိတ်ဆို့ထားတဲ့ စုစုပေါင်း လူ ၂ ဒသမ ၃ သန်း နေထိုင်ရာ ဂါဇာမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတခု ဖြစ်ပွားနေပြီလို့ အကူအညီပေးရေး အေဂျင်စီတွေက ပြောပါတယ်။
အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှု စတင်ချိန်ကတည်းက ပါလက်စတိုင်း ၇,၃၂၆ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ဟားမတ်စ်တို့ လည်ပတ်နေတဲ့ ဂါဇာရှိ ကျန်းမာရေးအာဏာပိုင်တွေက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters