ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာရဲ့ လမ်းတွေပေါ်မှာ အစိုးရဆန့်ကျင်ရေး လူထုစုဝေးပွဲတစ်ခုအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့လို့ ရဲအရာရှိတယောက် ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံမီဒီယာတွေက အောက်တိုဘာ ၂၈ရက်မှာ ဖော်ပြပါတယ်။
မြို့တော်မှာ လုံခြုံရေး တင်းကျပ်ထားပြီး အတိုက်အခံပါတီက တက်ကြွလှုပ်ရှားသူ ဒါဇင်ပေါင်းများစွာကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖမ်းထားတဲ့ကြားက ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အစိုးရကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း ဒါကာမြို့တော်က လမ်းတွေပေါ်မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ ပြည့်လျှံနေခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ဟာ လာမယ့် ဇန်နဝါရီလမှာ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဟာစီနာဝန်ကြီးချုပ် ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ကြားဖြတ် အိမ်စောင့်အစိုးရဆီ အာဏာလွှဲပြောင်းပေးပြီး BNPပါတီ ရဲ့ နာမကျန်းဖြစ်နေတဲ့ အကြီးအကဲ ခါလေဒါဇီယာအပေါ် စွဲဆိုထားတဲ့ စွဲချက်အားလုံးကို ရုပ်သိမ်းဖို့နဲ့ နိုင်ငံခြားမှာ ဆေးကုခံဖို့ နိုင်ငံထဲကနေ ချက်ချင်းထွက်ခွာခွင့် ပြုဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
BNP ပါတီရဲ့ ညွန့်ပေါင်း လုပ်ဖော်ကိုင်ဖက်ဟောင်း ဂျမတ်အီအစ်လာမီပါတီကလည်း သူတို့ဘာသာ ချီတက်ချင်ပေမဲ့ အနားက တခြားနေရာမှာ စုရုံးဖို့ ရဲတပ်ဖွဲ့က ခွင့်မပြုခဲ့ပါဘူး။
Source/Photo-Reuters