DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် စစ်သားများ ၂ ရက်ဆက်တိုက်ခိုက်ခံရပြီး ၅ ဦးသေ
DVB
·
October 28, 2023
ဘုတလင်တွင် စစ်သားများ ၂ ရက်ဆက်တိုက်ခိုက်ခံရပြီး ၅ ဦးသေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာနားမှာ စစ်ကောင်စီစစ်ကြောင်းဟာ ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးခဲ့သလို လက်နက်နဲ့ ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်သားအင်အား အယောက် ၃၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ အောင်ဆန်းမျိုးဆက်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲကနေ စစ်ကောင်စီယူနီဖောင်း ၁ ထည်၊ ၄၀ မမ ၁ လုံး၊ ၇ ဒသမ ၆၂ ကျည် ၈၂ တောင့်၊ ၅ ဒသမ ၅၆ ကျည်အတောင် ၂၀၊ ဆွဲကြိုး ၂ ကုံး၊ ကျောက်စိမ်း ၆ လုံး၊ ကျည်ဘောက် ၃ ခု၊ ပိုက်ဆံ ၅,၀၀၀ ကျပ်၊ စစ်သုံးအိတ် ၁ လုံး နဲ့ တခြားပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့  ဆိုပါတယ်။

အောင်ဆန်းမျိုးဆက်တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “လက်နက်တွေနဲ့ အပြန်အလှန် ပစ်တဲ့အချိန်မှာ စစ်သား‌ ၅ ယောက်က မျက်မြင်သေဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူတွေနဲ့ နောက်ထပ်သေဆုံးတဲ့ စစ်သားတွေလဲရှိဦးမယ်။ တိုက်ပွဲအပြီးမှာ အင်အားထပ်ဖြည့်ပြီး စစ်ကြောင်းထိုးသွားတယ်။ ‌စစ်ကြောင်း နောက်ပြန်မဆုတ်ဘူးပေါ့ဗျာ” လို့ ပြောပါတယ်။

 စစ်ကောင်စီစစ်ကြောင်း ထိုးနေလို့ ဇီးတောကျေးရွာအနီးက အရပ်သားပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး မနေ့က တိုက်ပွဲမှာ အောင်ဆန်းမျိုးဆက် တပ်ဖွဲ့ရဲ့ တပ်စိပ်မှူး ရဲဘော်စည်ကြီး ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၈ ရက်နေ့မှာလည်း အဲဒီစစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်နေတုန်းပဲလို့ သိရပါတယ်။

ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တယောက်က “ဒီနေ့တိုက်ပွဲက ဇီးတောရွာထဲမှာ ယာယီအထိုင်ချနေတဲ့ စစ်ကောင်စီတွေကို ကျနော်တို့ဘက်ကနေ စတင် တိုက်ခိုက်တာဗျ။ မြေပြင်ကလည် သူပစ်ကိုယ်ပစ်ပဲ။ ဝေဟင်ကလည်း ကျနော်တို့ဘက်က ဒရုန်းတွေနဲ့ ဗုံးသီးချတာတွေလည်းရှိတယ်။ သူတို့ဘက်က အထိအခိုက်တော့များမယ်။ ဒီနေ့ တိုက်ပွဲကတော့ စစ်သားအသေအပျောက် မသိရသေးဘူး။ မနေ့က တိုက်ပွဲကတော့ စစ်ကောင်စီဘက်က သုံးပွင့်ဗိုလ် စစ်ကြောင်းမှူးအပါဝင်စုစု‌ပေါင်း ၁၁ ယောက် ထိခိုက် ဒဏ်ရာရ သေဆုံးတယ်လို့ စစ်ကြောင်းထဲမှာပါတဲ့ ဖရဲသီးက ပြောလို့ သိထားရတယ်။ သုံးပွင့်ဗိုလ်ကတော့ နေရာတင်သေတယ်လို့လည်း သိထားရတယ်” လို့ ပြောပါတယ်။

မုံရွာခရိုင် အမှတ် ၁၃ တပ်ရင်း (အောင်ဆန်းမျိုးဆက်)၊ ဘုတလင်မြို့နယ် အခြေစိုက် ကျောင်းသားလက်ရုံးတပ်တော်နဲ့ ဒေသ ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013