DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်း စစ်ရှောင် ၂ဝ,ဝဝဝ ခန့် အကူအညီလိုအပ်နေ၊ ဒေသခံ ၉ ဦးထက်မနည်းကို စစ်တပ် သတ်ဖြတ်ခဲ့
DVB
·
October 28, 2023
ဒီပဲယင်း စစ်ရှောင် ၂ဝ,ဝဝဝ ခန့် အကူအညီလိုအပ်နေ၊ ဒေသခံ ၉ ဦးထက်မနည်းကို စစ်တပ် သတ်ဖြတ်ခဲ့
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၂ဝ ကျော်က ဒေသခံပြည်သူ ၂ဝ,၀၀၀ လောက် စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အကူအညီတွေ လိုအပ်နေသလို စစ်တပ်က ဒေသခံ ၉ ယောက်ထက်မနည်းကို သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့ကစပြီး ဒီပဲယင်းမြို့နယ်ထဲကို အောင်လံမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၇၁ က ဘီလူးစစ်ကြောင်းက စစ်ကြောင်းထိုး ဝင်ရောက် လာတာကြောင့် ဒီပဲယင်းနယ်အနောက်ခြမ်းက တောကျောင်း၊ အင်းတန်း၊ ဝဘာ၊ မှန်သာ၊ ငဝဲတော၊ မဲသယ်၊ ငြိမ်းချမ်းရွာသစ်၊ ယင်းတွေ၊ လပ်တီး၊ ကြည်၊ ဘုရားထွက်၊ သာစည်၊ အုန်းတင်၊ ဆပ်ပြာကျင်း၊ ဘုတ်ရွာ၊ ချောင်းဦး၊ ကျွန်းတော၊ ဘုတ်ထမ်း၊ ခြုံရွာ၊ သိမ္ဘာ၊ ပန်းပု၊ ထောက်ရှာ၊ အင်းကုန်း၊ မင်းတဲကုန်း၊ ရှမ်းတော၊ ကလန့်၊ အိုးထိမ်းကွင်း စတဲ့ ကျေးရွာပေါင်း ၂၇ ရွာလောက်က ဒေသခံတွေဟာ စစ်ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေး တိမ်းရှောင်နေရတာပါ။

ရေဦးမြို့နယ်အခြေပြု People's Defense Comrade ရဲ့  ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က “အဓိက အရေးပေါ်လိုအပ်နေတာတွေက ဆန်၊ ဆီ၊ ဆေးဝါး စားနပ် ရိက္ခာတွေ အရေးပေါ် အကူအညီလိုအပ်နေပါတယ်။ စစ်ကြောင်းထိုးနေစဉ်အတွင်း ရာသီဥတုကမကောင်း၊ မိုးကရွာဆိုတော့ တိမ်းရှောင်ကြရတဲ့ပြည်သူတွေမှာ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အရမ်းကို ဒုက္ခရောက်နေကြရတယ်။ တချို့စစ်ရှောင်တွေက တောတွေထဲမှာပဲ နွားလှည်းတွေမှာ ပါလာတဲ့ မိုးကာလေးတွေအုပ်မိုးပြီး တိမ်းရှောင်နေကြရတယ်ဗျ” လို့  ပြောပါတယ်။

စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းဟာ စတင်ဝင်ရောက်လာကတည်းက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေရှိသလို သတ်ဖြတ် တာတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတယောက်က “သိမ်ဘာရွာနဲ့ ရှမ်းတောရွာမှာ တွေ့ရှိတဲ့အလောင်း ၂ ခုကတော့  တလောင်းက ခေါင်းဖြတ်၊ ခြေဖြတ် ဗိုက်ဖောက်သတ်ထားခဲ့တယ်။ နောက်တလောင်းက ပြေးလာတဲ့ ဆိုင်ကယ်နဲ့အတူ အရှင်လတ်လတ် မီးရှို့သတ်ထားခဲ့တယ်လို့ သိရတယ်။ ကျန် ၃ လောင်းကတော့ တောတိုက်ထဲမှာ သတ်ထားခဲ့တာတွေ့ရတယ်။ သိမ်ဘာရွာထဲက စစ်ရှောင်ပြည်သူ ၃ ယောက် လောက်ကိုလည်း တောထဲမှာ ခုတ်ဖြတ်သတ်ထားခဲ့တယ်။ ရှမ်းတောရွာထဲမှာလည်း ပန်းပုရွာက ရပ်ရွာခေါင်းဆောင်တယောက်ကို ခြေလက်ဖြတ် ဗိုက်ဖောက်သတ်ထားခဲ့သေးတယ်ဗျ။ ဒီစစ်ကြောင်းက အရပ်သားစစ်ရှောင်ပြည်သူတွေနဲ့ ရဲဘော်တချို့ သတ်ထားခဲ့တာ များတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းက သတ်ဖြတ်ခဲ့တာ ၉ ယောက် ရှိပြီလို့ ဒေသခံ ကာကွယ်ရေးတပ်တွေက အတည်ပြုထားပြီး ကလန့်ရွာက ဒေသခံ အမျိုးသား ၉ ယောက်နဲ့ လမ်းကြောင်းတလျှောက်မှာ ဖမ်းဆီးသွားတဲ့ စစ်ရှောင်အမျိုးသား ၁၅ ယောက်လောက် ရှိတယ်လို့ ထူးခန့်ဇော်(အမေ့သား) က ပြောပါတယ်။

ကျေးရွာ ၂၇ လောက်က စစ်ရှောင်ပြည်သူ ၂ဝ,ဝဝဝ လောက်ကို ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ အပါအဝင် တခြား နယ်ခံကူညီရေးအဖွဲ့တွေပူးပေါင်းပြီး စားနပ်ရိက္ခာ ကူညီပေးနေပေမဲ့ အရေးပေါ်အကူအညီတွေ ဆက်ပြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၇ ရက်နေ့မှာ ဒီပဲယင်းမြို့နယ်၊ ဘုတ်ထန်းကျေးရွာကနေ ဆပ်ပြာကျင်းရွာကို သေနတ်ပစ်ဖောက်ဝင်ရောက်ခဲပြီး လက်ရှိမှာ တောင်ထန်းကျေးရွာကို ဝင်ရောက်နေတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013