DVB Logo
Home
မြန်မာသတင်း
သီတင်းကျွတ်ပွဲတော်အတွက် ညမထွက်ရအမိန့်ကို စစ်ကောင်စီက အချိန်လျှော့
DVB
·
October 28, 2023
သီတင်းကျွတ်ပွဲတော်အတွက် ညမထွက်ရအမိန့်ကို စစ်ကောင်စီက အချိန်လျှော့
Donate to DVB

ရန်ကုန်နဲ့ မွန်ပြည်နယ်က မြို့နယ်တချို့မှာ သီတင်းကျွတ်ပွဲတော်အတွက် ညမထွက်ရအမိန့်ကို စစ်ကောင်စီက အချိန်လျှော့လိုက်ပြီး မန္တလေးက မြို့နယ်တချို့မှာတော့ ရုပ်သိမ်းလိုက်ပါတယ်။

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အပါအဝင် မြို့အတွင်းက မြို့နယ်တွေမှာ ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို အောက်တိုဘာ ၂၇ ရက်နေ့မှာ စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ချမ်းအေးသာစံမြို့နယ်မှာ‌ နေထိုင်သူတယောက်က “၁၄၄ ကို ရုပ်သိမ်းလိုက်တယ်လို့ ကားနဲ့ လိုက်အော်သွားတာ။ မတ္တရာဘက်၊ မိုးကုတ်ဘက်တော့ မပါသေးဘူး။ သီတင်းကျွတ်အတွက် ပွဲဈေးတွေတော့ ရှိတယ်။ အရင်ကလောက် လူကို မရှိဘူး” လို့ ပြောပါတယ်။ 

မန္တလေးတိုင်းက မြို့နယ်အများစုမှာ အများပြည်သူလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေတဲ့ ပြုမူဆောင်ရွက်တာတွေ မရှိတော့တဲ့အတွက် ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်တာလို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကို စစ်ကောင်စီက ဖြန့်ဝေတဲ့စာမှာ တွေ့ရပါတယ်။ 

မန္တလေးတိုင်းထဲက သပိတ်ကျင်း၊ စဉ့်ကူး၊ မိုးကုတ်၊ မတ္တရာ၊ မိတ္ထီလာမြို့နယ်တို့မှာတော့ ညမထွက်ရအမိန့်တွ်ရှိနေဆဲဖြစ်ပြီး လူ ၅ ယောက်နဲ့အထက် စုဝေးတာ၊ စီတန်းလှည့်လည် လမ်းလျှောက်တာတို့ကို ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းမှာတော့ မြို့နယ်အားလုံးမှာ သီတင်းကျွတ်ပွဲတော်နဲ့ စျေးရောင်းပွဲတော်တွေ ပြုလုပ်နိုင်ဖို့အတွက် ညမထွက်ရအမိန့်ကို အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး စစ်ကောင်စီက အချိန်လျှော့လိုက်တယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဒီနေ့ညကစပြီး ဘယ်နေ့ထိလဲ ဆိုတာတော့ မသိရသေးဘူး။ နောက်ထပ်ကြေညာချက် ထပ်မထုတ်မချင်း မနက် ၁ နာရီကနေ မနက် ၃ နာရီအထိ ညမထွက်ရ အမိန့်ပြန်ထုတ်ထားတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ညမထွက်ရ အမိန့်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ညကလည်း နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတိုင်းမှာ နှစ်သစ်ကူးပွဲတော်အခမ်းအနားတွေ ကျင်းပပြုလုပ်နိုင်ဖို့အတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်တယ်လို့ စစ်ကောင်စီရဲ့ သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့ရုံးတွေက ကြေညာခဲ့ဖူးပါတယ်။

ရန်ကုန်က ပြည်သူ့ရင်ပြင်မှာ သီတင်းကျွတ်ပွဲတော်ကို စစ်ကောင်စီက အောက်တိုဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၃၀ ရက်နေ့အထိ ပြုလုပ်ဖို့ ပြင်ဆင်နေပြီး မြို့နယ်တွေမှာလည်း ဘုရားပွဲတော်တွေနဲ့ စျေးရောင်းပွဲတွေမှာ လူစည်ကားစေဖို့အတွက် အခုလို ညမထွက်ရ အမိန့်ကို အချိန်လျှော့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ခံတယောက်က “ညမထွက်ရ အမိန့်ကို အချိန်လျှော့လိုက်တာပဲ ရှိတယ်။ အပြီးဖျက်တာတော့ မဟုတ်ဘူး။ ရင်ပြင်ပွဲဈေးတွေ၊ ဗိုလ်တထောင်ဘက်တွေမှာ ပွဲဈေးတွေ ရှိတယ်။ တမင် လူလာအောင် လုပ်တာပဲ။ သူတို့အုပ်ချုပ်မှုအောက်မှာ ပွဲတွေ စည်ကားတယ်၊ ပြည်သူတွေ ပျော်ရွှင်တယ်လို့ ပြချင်လို့ လုပ်တာ၊ ပြည်သူ့ရင်ပြင်ပွဲဆို YBS လိုင်းတွေတောင် ပွဲဈေးအတွက် လုပ်ပေးသေးတယ်။ ပြည်သူတွေအနေနဲ့ မပူးပေါင်းဖို့ပဲ လိုတာ” လို့ ပြောပါတယ်။

ညမထွက်ရအချိန် ဖြေလျှော့ပေးတာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ကောင်စီရဲ့ ကြေညာချက်မှာတော့ အများပြည်သူစီးပွားရေးအတွက် သွားလာမှုအဆင်ပြေဖို့၊ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့၊ လုံခြုံမှုဆိုင်ရာတွေ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး ရည်ရွယ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

မွန်ပြည်နယ်မှာလည်း ပေါင်နဲ့ သထုံမြို့နယ်တို့မှာ ညမထွက်ရအချိန်ကို လျှော့လိုက်တယ်လို့ ဒေသခံတွေက ပြောပြီး ဘယ်နေ့အထိလဲဆိုတာတော့ မသိရသေးပါဘူး။

သထုံမြို့နယ် အုပ်ချုပ်ရေးရုံးနဲ့နီးစပ်သူတယောက်က “​ညမထွက်ရမိန့်ကို ဖျက်လိုက်တာ မဟုတ်ဘူး။ အချိန်လျော့ပေးလိုက်တာ။ အရင်က ည ၁၀ နာရီကနေ မနက် ၄ နာရီထိ ထွက်ခွင့်မရှိဘူး။ အခုက ဘုရားပွဲတော်ကာလဆိုတော့ ပြည်သူတွေ လွတ်လွတ်လပ်လပ် သွားနိုင်အောင်လို့ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ပြောင်းလဲလိုက်တာပါ။ ဘယ်နေ့အထိ အကျုံးဝင်လဲဆိုတာတော့ မပါဘူး” လို့ ပြောပါတယ်။

အချိန်လျှော့လိုက်ပေမဲ့ လူ ၅ ယောက်ထက်ပိုပြီး မစုဝေးဖို့ကတော့ တားမြစ်ထားတုန်း ဖြစ်ပါတယ်။

ပေါင်မြို့နယ် ဒေသခံတယောက်က “ကျမတို့ ပေါင်ဘက်မှာက ပွဲလမ်းသဘင်သွားရင် သူငယ်ချင်းတွေစုပြီး သွားတဲ့ဓလေ့ရှိပါတယ်။ အခုလို လူအများကြီးမစုရဘူးဆိုတော့ ဘာလုပ်ရတော့မလဲ။ လူကြားကောင်းအောင် အမိန့်ထုတ်ပြီး ပေါ်တာဆွဲမယ်လို့ထင်တယ်။ တော်လှန်ရေးသမားတွေကလည်း ပွဲလမ်းသဘင်တွေကို မသွားဖို့ထုတ်ပြန်ထားတော့ ၄ နှစ် လုံးလုံး အိမ်ထဲမှာနေလာခဲ့ပြီးပြီပဲ။ ဘယ်မှမသွားတော့ပါဘူး” လို့ ပြောပါတယ်။

မွန်ပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာတော့ ညမထွက်ဖို့ တားမြစ်ထားတုန်းဖြစ်ပါတယ်။

ပဲခူးတိုင်း ပြည်မြို့၊ မကွေးတိုင်း မကွေးမြို့တို့မှာလည်း ညမထွက်ရအမိန့်တွေကို စစ်ကောင်စီက ရုပ်သိမ်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013