DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးစစ်ရှောင်များ စပါးရိတ်ရန် ခက်ခဲနေ၊ ဘုတလင်တွင် လူထောင်ချီ စစ်ရှောင်နေရ
DVB
·
October 28, 2023
ကျောက်တံခါးစစ်ရှောင်များ စပါးရိတ်ရန် ခက်ခဲနေ၊ ဘုတလင်တွင် လူထောင်ချီ စစ်ရှောင်နေရ
Donate to DVB

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ စစ်ရှောင်တွေဟာ စပါးရိတ်သိမ်းဖို့အခက်တွေ့နေပြီး စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာတော့ စစ်ကြောင်းထိုးလာလို့ ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေကြရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃၊ ကျောက်တံခါးမြို့နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ စပါးရိတ်သိမ်းဖို့ အခက်တွေ့နေသလို စစ်ရှောင်တွေရဲ့ စပါးတွေကို စစ်တပ်က ရိတ်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ရှောင်နေရတဲ့ ဒေသခံတွေရဲ့ လယ်ကွင်းထဲက စပါးတွေကို ရိတ်ဖို့ စပါးရိတ်ခြွေစက်တွေ လာချထားပါတယ်။

ဒေသခံတယောက်က “ပြီးခဲ့တဲ့ လကတည်းက ကျောက်တံခါးမြို့နယ် အနီးတဝိုက်မှာ စပါးရိတ်ခြွေစက်တွေ လာချထားတာ။ ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်လောက်က စစ်ရှောင်ရွာသား ဒေသခံတွေက မရိတ်ရဲဘူး။ မရိတ်ရဲတဲ့အခါ သူတို့လာရိတ်မယ်ဆိုပြီး စက်တွေလာချတာ။ KNLA တပ်တွေက သူတို့(စစ်ကောင်စီတပ်)တွေ ဝင်လာတာနဲ့ လှမ်းပစ်တော့ လောလောဆယ်ဆယ် ဝင်လို့မရသေးတာ” လို့ ပြောပါတယ်။

အခုအပတ်အတွင်းမှာပဲ စစ်ရှောင်တွေထွက်ပြေးနေရချိန်မှာ စိုက်ထားတဲ့စပါးတွေကို စစ်ကောင်စီတပ်တွေက စပါးရိတ်ခြွေစက်နဲ့ လာရိတ်ယူလို့ တော်လှန်ရေးအင်အားစုဘက်က ဒရုန်းနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

ဒေသခံတယောက်က “စစ်တပ်လာရိတ်မှာဆိုတော့ တောင်သူတွေ စပါးရိတ်ခွင့်မရှိရင် အကုန်မီးလာရှို့လိုက်။ သူတို့လည်း လာရိတ်စရာအကြောင်း မရှိတော့ဘူးလို့ ပြောတာတွေလည်း ကြားတယ်” လို့ ဆိုပါတယ်။

ရိက္ခာ၊ ဓာတ်ဆီ၊ မြေသြဇာတွေကို စစ်ကောင်စီဂိတ်တွေက ကန့်သတ်ထားလို့ ဒေသခံ စပါးစိုက်တောင်သူတွေ အခက်ကြုံနေရပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာတော့ အောက်တိုဘာ ၂၇ ရက် မနက် ၇ နာရီလောက်က ကံဆွယ်ရွာနဲ့ ဇီးတောရွာကြားမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရပါတယ်။

အဲဒီ စစ်ကြောင်းဟာ အောက်တိုဘာ ၂၆ ရက် မနက်ခင်းကတည်းက မုံရွာ နမခကနေ စစ်ကြောင်းစထိုးလာတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတယောက်က “သူတို့က နမခကနေ မရိုးတောမြောက်ရွာကိုဖြတ်ပြီး ကံဆွယ်ရွာကို ညအိပ်တယ်။ ဒီနေ့မနက်ကျတော့ ကံဆွယ်ရွာကနေ အရှေ့ကို တက်လာတဲ့အချိန် တိုက်ပွဲဖြစ်ကြတာပဲ။ ကျနော်တို့ကတော့ ညကတည်းကနေ ထွက်ပြေး နေရတယ်။ တိုက်ပွဲအထိအခိုက်တော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်နေလို့ ကံဆွယ်ရွာ၊ မရိုးတောမြောက်ရွာ၊ ဇီးတောရွာ စတဲ့ကျေးရွာတွေက ပြည်သူထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “ဒီကောင်တွေ တက်လာတာကို ကျနော်တို့ အသင့်စောင့်ပြီး တိုက်ခိုက်တာဗျ။ စစ်ကောင်စီစစ်သားတွေကတော့ အထိအခိုက်များမယ်။ အတိအကျတော့ မသိရသေးဘူး။ ကိုယ့်ဘက်ကတော့ ရဲဘော်တဦး ကျဆုံးတယ်ဗျ။ တိုက်ပွဲက မပြီးသေးတော့ စစ်သားသေတဲ့ အရေအတွက်ကတော့ အတိအကျ မသိရသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲတဲ့ ရက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေဟာ ဘုတလင်မြို့ပေါ်ကနေ ယုန်လေးကုန်းရွာကို စစ်ကြောင်းထိုးပြီးနောက် တိုက်နယ် ၈ ထုတ်လုပ်ရေးစခန်းကို ဝင်ရောက်စီးနင်းပြီး စခန်းကို မီးရှို့ခဲ့သလို ဖမ်းဆီးမိတဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013