DVB Logo
Home
မြန်မာသတင်း
၁၀၂၇ စစ်ဆင်ရေးကို NUG ကြိုဆို၊ ဟန်ချက်ညီစစ်ဆင်ရေးများ ပူးပေါင်းဖော်ဆောင်မည်ဟုဆို
DVB
·
October 27, 2023
၁၀၂၇ စစ်ဆင်ရေးကို NUG ကြိုဆို၊ ဟန်ချက်ညီစစ်ဆင်ရေးများ ပူးပေါင်းဖော်ဆောင်မည်ဟုဆို
Donate to DVB

ကိုးကန့်၊ တအောင်းနဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ခံကြိုဆိုကြောင်းနဲ့ ဟန်ချက်ညီ စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့  ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၂၇ ရက် ဒီကနေ့မှာ ဒီစစ်ဆင်ရေးကို စတင်လိုက်တာဖြစ်ပြီးတော့ အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေး၊ အွန်လိုင်းဂိမ်း (ကျဖျင်) ကုမ္ပဏီတွေနဲ့ အဆိုပါ လုပ်ငန်းတွေကို လုပ်ဆောင်နေကြတဲ့  စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို နှိမ်နင်းဖို့ ရည်ရွယ်တဲ့ စစ်ဆင်ရေးဖြစ်တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ ရက္ခိုင့်တပ်တော် AA ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြေညာထားပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနဲ့ လားရှိးမြို့တို့က စစ်ရေးအဓိကကျတဲ့ နေရာအများအပြားကို သိမ်းပိုက် ချေမှုန်းနိုင်ခဲ့ပြီး အခုအချိန်အထိ စခန်းသိမ်းတိုက်ပွဲတွေအပါအဝင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်တွေ နေရာအနှံ့ ဆက်ဖြစ်နေတယ်လို့ ဒီနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်တွေဘက်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးတွေကို ဆက်တိုက် အသုံးပြုတိုက်ခိုက်နေသလို  ကိုးကန့်၊ တအာင်းပလောင်နဲ့ ရခိုင် မဟာမိတ်အဖွဲ့တို့ အနေနဲ့လည်း စစ်ဆင်ရေးပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

လတ်တလော NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ အခုအချိန်ဟာ နိုင်ငံတဝန်းက တိုင်းရင်းသား တော်လှန်ရေးအင်အားစုအသီးသီး၊ နွေဦးတော်လှန်ရေးအင်အားစု အသီးသီးနဲ့ ပြည်သူတရပ်လုံးက ပါဝင်ပြီးတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ကို မမှိတ်မသုန် ဆောင်ရွက်သွား ကြရမှာ ဖြစ်တာကြောင့် ခုခံတွန်းလှန်စစ်မှာ အင်အားစုအားလုံး အားသွန်ခွန်စိုက် ဆက်လက် ပူးပေါင်းပါဝင်ကြဖို့ အလေးအနက် တိုက်တွန်းကြောင်း ဖော်ပြထားတာပါ။

ဒါ့အပြင် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ တညီတညွတ်တည်း လက်တွဲပြီး “၁၀၂၇ စစ်ဆင်ရေး” နဲ့ ဟန်ချက်ညီစစ်ဆင်ရေးများ ဖော်ဆောင်ကာ ပူးပေါင်းသွားမယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့ တရက်တည်းမှာပဲ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာလည်း မနက် ၅ နာရီလောက်က စတင်ပြီး စစ် ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးရယူထားတဲ့နေရာတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်နေတယ်လို့ KNLA တပ်မှူးဆီက သိရပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေ လုံခြုံရေးရယူထားတဲ့ သိမ်ကုန်း၊ ချောင်းတောင်၊ အမှတ် ၃ ဂိတ်နဲ့ မြို့အဝင်အထွက်နေရာတွေကို တပြိုင်တည်း ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက် မနက် ၅ နာရီလောက်ကစတင်ပြီး ကော့ကရိတ်မြို့နယ်၊ ဆင်ကုန်းကျေးရွာနဲ့ တတန်ကူးကျေးရွာကြားကို စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂၀၇၊ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၁၊ ခလရ ၂၃၁ တပ်တွေနဲ့ KNLA တပ်ရင်း ၁၈၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် စစ်ရေးတင်းမာနေရာက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013