DVB Logo
Home
မြန်မာသတင်း
စစ်ဘေးသင့်ပြည်သူများကို နိုင်ငံတကာက အာဟာရဖြည့်ရိက္ခာခြောက် ထောက်ပံ့နိုင်
DVB
·
October 27, 2023
စစ်ဘေးသင့်ပြည်သူများကို နိုင်ငံတကာက အာဟာရဖြည့်ရိက္ခာခြောက် ထောက်ပံ့နိုင်
Donate to DVB

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ပြည်သူတွေအတွက် အာဟာရဖြည့်ရိက္ခာခြောက် (Energy Bar) နည်းပညာကို နိုင်ငံတကာက ထောက်ပံ့ဖို့ အစီအစဉ် ရှိလာနိုင်ပေမဲ့ ကိုယ်တိုင်ထုတ်လုပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

အချိန်ကြာလာတာနဲ့အမျှ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပြဿနာတွေကြောင့် စစ်ဘေးသင့်ပြည်သူ အရေအတွက်ဟာ တနေ့တခြား ပိုများလာတာပါ။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ခဲ့တာကြောင့် စစ်ဘေးသင့်ဒေသတွေမှာ ရိက္ခာနဲ့ ဆေးဝါး မလုံလောက်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံတွေက စစ်ဘေးသင့်ပြည်သူတွေကို ကုလသမဂ္ဂကနေတဆင့် စာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ ကြိုးစားနေပေမဲ့ လက်ရှိအချိန်အထိတော့ သက်ရောက်မှု မရှိသေးပါဘူး။

မြေပြင်က ပြည်သူတွေကို ထောက်ပံ့ရာမှာ တနေ့တာလိုအပ်တဲ့ အာဟာရတွေပါဝင်တဲ့ ရိက္ခာခြောက် (Energy Bar) တွေ ပါဝင်လာနိုင်သလို ဒေသတွင်းမှာပဲရှိတဲ့ ကုန်ကြမ်းနဲ့ ထုတ်လုပ်နိုင်မယ့် နည်းပညာ ပံ့ပိုးတာမျိုးလည်း ဖြစ်လာနိုင်တာပါ။

စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွေးက “အစိုးရကို တိုက်ရိုက်ထောက်ပံ့တာ မဟုတ်ဘဲနဲ့ ပြည်သူနဲ့ အောက်ခြေကို ထောက်ပံ့တာဆိုတော့ ပါကောင်းပါလာနိုင်တယ်။ အစာခြောက်တို့ ယူနီဖောင်းတို့ ဆိုတာတော့ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ တကယ့် တနေ့တာရဲ့ လိုအပ်ချက် ကယ်လိုရီ ဖော်မြူလာတွေ ပါခဲ့ရင်တောင်မှ ပက်ကင်ပိတ်မယ့်ကိစ္စက မုန့်တွေဘာတွေမှာ အလူမီနီယံဖိုင်တွေပါတာ အလကားမှမဟုတ်တာ၊ သိုလှောင်နိုင်ဖို့အတွက် ထည့်ထားတာလေ။ အဲ့ဒါတွေက မြို့မှာပဲ လုပ်လို့ရတာလေ။ တောမှာ လာလုပ်လို့တော့ မရဘူးလေ၊ ကုန်ကျစရိတ်က များမယ်လေ။ အပြတ်တော့ ငြင်းလို့မရဘူးလေ။ ပိုက်ဆံက သန်းနဲ့ချီ လိုအပ်သလောက်သာ ပံ့ပိုးမယ်ဆိုရင်တော့ မဖြစ်နိုင်စရာအကြောင်းတော့ မရှိဘူးပေါ့။ သို့သော် ထိုင်းနိုင်ငံမှာ အသင့်လုပ်ပြီးသား ဝယ်ယူတင်သွင်းပေးရင်တော့ ဖြစ်နိုင်ခြေရှိတယ်” လို့ ပြောပါတယ်။

ရိက္ခာခြောက် (Energy Bar) တွေဟာ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ PDF တွေအတွက် အထောက်အကူကောင်းတွေ ဖြစ်လာနိုင်တာပါ။

စစ်ကောင်စီက စစ်ကိုင်းတိုင်းနဲ့ မြန်မာပြည်မြောက်ပိုင်းကို ထိန်းချုပ်နိုင်ရေး၊ ရိက္ခာနဲ့ လက်နက်ထောက်ပို့နိုင်ရေးတို့အတွက် မန္တလေးတိုင်းကနေ ဝက်လက်၊ ကန့်ဘလူ၊ ကောလင်း၊ ဝန်းသိုအထိ ရထားလမ်းပိုင်းကို ပြေးဆွဲနိုင်ဖို့ ကြိုးစားအားထုတ်နေပါတယ်။

ရွှေဘို PDF မှ ရဲခေါင်က “စကစက လက်နက် ရိက္ခာ သယ်ဖို့ရန်အတွက် ရထားလမ်းဖောက်နေတာ၊ လောလောဆယ် ဝက်လက်အထိ အခြေပြုပြီး ရောက်နေပြီ။ နောက်ထပ် သူတို့အနေအထားက ကန့်ဘလူ၊ ကောလင်း၊ ဝန်းသိုအထိ ရောက်အောင် ဖောက်မယ်လို့လည်း ကျနော်တို့ သိရတယ်။ ဒါက စကစရဲ့ သူသွားရမယ့် လမ်းကြောင်းပေါ့။ ကျနော်တို့ ပြင်ဆင်စရာရှိတာတော့ ပြင်ဆင်နေပြီ။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ လုပ်မယ့် လမ်းကြောင်းကတော့ ရှိတယ်၊ ပြောလို့မရသေးဘူးပေါ့ဗျာ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ စစ်ရေးမတည်ငြိမ်မှုတွေကြောင့် စာနာထောက်ထားမှု အကူအညီ လိုအပ်တဲ့ ပြည်သူ သန်းနဲ့ချီရှိလာပေမဲ့ ပြည်သူတွေဟာ နိုင်ငံတကာ အကူအညီတွေကို လက်ဝယ်ရဖို့ ခက်ခဲခဲ့တာပါ။

ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ နိုင်ငံတကာ အကူအညီတွေကို စီမံခန့်ခွဲနိုင်ကြောင်း အစီအစဉ်တွေပြနိုင်မှ တော်လှန်ရေး အစုအဖွဲ့တွေ ဆီကို အကူအညီတွေ တိုက်ရိုက်စီးဆင်းလာဖို့ရှိတယ်လို့ မြေပြင်အစုအဖွဲ့တွေက သုံးသပ်ပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “ဘယ်သူက စီမံခန့်ခွဲနိုင်မလဲဆိုတာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကြည့်လိမ့်မယ်ဗျ။ NUG က စီမံခန့်ခွဲနိုင်ရင် NUG ကို ပေးမယ်၊ စစ်ကောင်စီက စီမံခန့်ခွဲနိုင်ရင် စစ်ကောင်စီကို ပေးမယ်။ ဒီလိုမျိုး သူတို့ စီမံဆုံးဖြတ်လိမ့်မယ်လို့ ကျနော်ထင်တယ်။ အဲ့ဒီတော့ တော်လှန်ရေးဘက်တော်သားတွေကလည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီတွေ ရလာတဲ့အခါမှာ ပြည်သူလူထုဆီကို ရောက်ရှိအောင် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပါတယ်ဆိုတဲ့ လုပ်ငန်းတွေ ထင်ထင်ရှားရှား ပြနိုင်ဖို့ လိုမယ်ပေါ့ဗျာ။ ဒါဆိုရင်တော့ နိုင်ငံတကာအကူအညီတွေက ကျနော်တို့ဆီကို တိုက်ရိုက်စီးဆင်းလာနိုင်တယ်ပေါ့” လို့ ပြောပါတယ်။

ကုလသမဂ္ဂအေဂျင်စီတခုဖြစ်တဲ့ WFP ရဲ့ အချက်အလက်တွေအရ မြန်မာပြည်သူ ၁၈ သန်းကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို လိုအပ်နေပြီး ပြည်သူ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာ လုံလောက်မှုမရှိတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ 

ပြည်သူ ၁ ဒသမ ၉ သန်းကျော်ဟာ အိုးအိမ်တွေ ဆုံးရှုံးစွန့်ခွာနေရပြီး ပြည်သူ ၄,၀၀၀ ကျော် အသက်ပေးထားရတဲ့ အခြေအနေ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013