DVB Logo
Home
မြန်မာသတင်း
မြန်မာကာစီနိုရုံ၌ လူကုန်ကူးခံရသည့် ဗီယက်နမ်နိုင်ငံသား ၆၀ ကျော်ကို ကယ်တင်
DVB
·
October 27, 2023
မြန်မာကာစီနိုရုံ၌ လူကုန်ကူးခံရသည့် ဗီယက်နမ်နိုင်ငံသား ၆၀ ကျော်ကို ကယ်တင်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းက ကာစီနိုလောင်းကစားရုံတွေထဲမှာ လူကုန်ကူးခံရပြီး ပိတ်မိနေခဲ့တဲ့ ဗီယက်နမ်နိုင်ငံသား ၆၀ ကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖမ်သူဟန်က ပြောလိုက်ပါတယ်။

အောက်တိုဘာ ၂၆ ရက်က မြို့တော် ဟနွိုင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့အကြောင်း  ဗီယက်နမ်သတင်းဌာန Vn Express သတင်းမှာ ဖော်ပြပါတယ်။

မကြာသေးမီရက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးနဲ့ ကောင်စစ်ဝန်ဌာနတို့က မြန်မာအာဏာပိုင်တွေဆီကနေ မြောက်ပိုင်းနယ်စပ်ဒေသတွေက လိမ်လည်ကာစီနို လောင်းကစားရုံတွေကနေ ဗီယက်နမ်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ၂၀၀ နီးပါးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းရရှိခဲ့တာလို့ ဆိုပါတယ်။

သတင်းရရှိပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးဆီ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားထားပြီးတော့ ပြန်လည်လွတ်မြောက်လာတဲ့ ဗီယက်နမ်နိုင်ငံသားတွေအတွက် နေရာထိုင်ခင်းနဲ့ သူတို့ရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖမ်သူဟန်က ပြောပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေက ဆက်လက်လုပ်ဆောင်စရာတွေ အပြီးသတ်ပြီး နောက်မှာတော့ လိုအပ်တဲ့ ကောင်စစ်ဝန် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ပြီးတော့ ဆောင်ရွက်နိုင်ရေးအတွက်လည်း အမြန်ညှိနှိုင်းပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

တကယ်လို့များ မြန်မာနိုင်ငံမှာ ကယ်ဆယ်ခံထားရတဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သိရှိတဲ့ ဗီယက်နမ်နိုင်ငံသားတွေ အနေနဲ့လည်း သံရုံး ကောင်စစ်ဝန်ဌာနရဲ့ နိုင်ငံသား အကာအကွယ်ပေးရေး ဟော့လိုင်းဖုန်းနံပါတ် +84 981 84 84 84၊ +84 965 41 11 18 ဒါမှမဟုတ် ဗီယက်နမ်သံရုံး (မြန်မာ) ရဲ့ နိုင်ငံသား အကာအကွယ်ပေးရေး ဟော့လိုင်းဖုန်းနံပါတ် +95 9660888998 တို့ကို ဆက်သွယ်နိုင်ကြောင်း အသိပေးထားပါတယ်။

ခုလတ်တလော လွတ်မြောက်လာသူတွေထဲမှာတော့ လူကုန်ကူးခံရတဲ့ ထိုင်းနိုင်ငံသား ၁၀၀ ကျော်လည်း ပါဝင်နေပြီးတော့ လူကုန်ကူးခံရတဲ့ ထိုင်းနိုင်ငံသားတွေ နေရပ်ပြန်ပို့ရေးကို ဆိုင်းငံ့ထားပြီး မြန်မာနိုင်ငံမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

Source/Photo-VnExpress

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013