DVB Logo
Home
Lead Story
လရာသီ ၁၂ ပွဲနှင့် နွေဦးတော်လှန်ရေး
DVB
·
October 27, 2023
လရာသီ ၁၂ ပွဲနှင့် နွေဦးတော်လှန်ရေး
Donate to DVB

မြန်မာနိုင်ငံမှာ လရာသီ ၁၂ လရှိရာမှာ ၁၂ လလုံး ပွဲတွေရှိတယ်။ တလတခါ ပွဲတွေအပြင် ဘာပွဲ ညာပွဲ ဘာသာရေးပွဲ လူမှုရေးပွဲ အလှူအတန်းပွဲ အောင်ပွဲ ရှုံးပွဲ ဒါတွေပါ ထည့်ပေါင်းရရင် တနှစ်ကို ၁၂ ပွဲမကပဲ ၂၄ ပွဲလို့ ဆိုရလောက်တယ်။ ကျုပ်တို့ မြန်မာလူမျိုးတွေက ပွဲအလွန်ကြိုက်ကြတယ်။ ယုတ်စွအဆုံး ကြက်ပွဲ နွားပွဲကနေ ပိုက်ဆံ သိန်းရာထောင်ချီ အကုန်ကျခံလုပ်တဲ့ ‌ဇာတ်ပွဲ ရှိုးပွဲတွေမှ ခြိမ့်ခြိမ့်သဲကို ကျင်းပကြတာ။ ဝါတွင်းကာလ ပျော်ပွဲရွှင်ပွဲ မရှိဘူးလို့ ဆိုရင် မှားသွားပေဦးမယ်။ တပတ်တခါ အဖိတ်နေ့ ဆွမ်းတော်ကြီးခံမှာ မြို့လုံးကျွတ် ရပ်ကွက်လုံးကျွတ် ရွာလုံးကျွတ် ကောင်းပေ့ မြည်ပေ့ ကျယ်ပေ့ ဆိုတဲ့ ဆောင်းဘောက် (Sound Box) အကောင်းစားကြီးတွေနဲ့ အသံကုန်ဖွင့်ပြီး ဆွမ်းတော်ကြီးခံ ထွက်ခဲ့ကြတယ်။

တနိုင်ငံလုံး ဝါတွင်းကာလမှာ အောင့်ထားသမျှ ပျော်ချင် ပါးချင် ကချင် ခုန်ချင်တာတွေကို ဝါကျွတ်တာနဲ့ မိုးလေကင်းလွတ် သီတင်းကျွတ်ဆိုကာ “သီတင်းကျွတ် ညလေးတည စည်ပါတယ် မီးထွန်းပွဲတော်မယ်” ကနေ စပြီး ကြိုးဖြည်လွှတ်လိုက်သလိုပဲ ကဆုန်ပေါက်ပြီး ဒွန့်ကြ ဒန့်ကြဖို့ မိုက်စမ်း စက်စမ်း တန်ဆောင်မုန်းလဆန်း၊ တန်ဆောင်မုန်းလလည်းပြည့်ရော “မြိုင်မြိုင်ဆိုင်ဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်”၊ အဲ့ဒီကနေ... ပွဲတွေဆိုတာ မရပ်မနားပါပဲ။

နိုင်ငံကျော် မြန်မာ့ရိုးရာပွဲကြီးတွေ မဟာသင်္ကြန်တို့၊ တောင်ပြုန်းတို့၊ ရတနာဂူတို့၊ အမေကြီးပွဲတို့၊ အဖေကြီးပွဲတို့၊ အဖေကြီးပွဲဆိုလို့ စိတ်ထဲမှတ်မိနေတာလေး ကြုံတုန်းပြောဦးမယ်။ ကျ‌နော့်အဖိုးက သူ့သမီး ကျနော့်အဒေါ်တွေကို “နင်တို့က ငါသေရင်တောင် ငါ့အလောင်းကို စောင်နဲ့အုပ်ထားပြီး ဗေထိဆိုတဲ့ ဆိုင်းသံကြားတဲ့ဆီ အရင်သွားကြည့်ပြီးမှ ငါ့ကိုသင်္ဂြိုဟ်ကြမယ့်ဟာတွေ” လို့ ပွဲကြိုက်လွန်းတဲ့ အဒေါ်တွေကို မြည်တွန် တောက်တီး ပြောဆိုခဲ့ဖူးတယ်၊ (ဤကားစကားချပ်)။ ဒီနေ့ မြန်မာနိုင်ငံမှာ အဖေကြီးပွဲ (မုံရွာမြို့နယ် အလုံဘိုးဘိုးကြီးပွဲကို အဖေကြီးပွဲဟု ခေါ်ဆိုကြပါသည်) ထက် ပိုသာတဲ့ ဘဘကြီးပွဲတွေ ဝါမကျွတ်ခင်ကတည်းက စတင်ကျင်းပနေပါပြီ။

မြန်မာလူမျိုးတွေကတော့ ရိုးရာပွဲ အထိမ်းအမှတ်ပွဲ ပွဲဆိုတာနဲ့ ပျော်ဖို့ပဲသိကြတယ်။ ဘဘကြီးပွဲကတော့ ပြည်သူတွေ စစ်ဖိနပ်အောက် ပြားပြားမှောက်နေရတာကို ကခုန်ပျော်ပါးနေသူတွေရဲ့ အပျော်မျက်နှာတွေကို ကမ္ဘာကိုချပြ သာယာလှပေသည် မြန်မာပြည်၊ နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းလို့ အများလူထု ကခုန် ပျော်မြူး အထူးအေးချမ်းနေပါပြီ ဆိုကာ နိုင်ငံတကာကိုချပြ ကနေသူ ခုန်နေသူ မြူးနေတဲ့သူ ရူးနေတဲ့သူတွေကို အသုံးချပြပါလိမ့်မယ်။

ဆီကိုရေချိုး ဆေးရိုးမီးလှုံ ရှေးစာဆိုကြီးတွေ ရေးစပ်ခဲ့ကြတယ်။ အခု ဘဘကြီးများရဲ့ ကျေးဇူးကြောင့် ဆီကို ရေချိုးဖို့နေနေသာသာ ဆီတဆယ်သားရဖို့တောင် တနေကုန်နီးပါး တန်းစီနေရတာ၊ အလကား‌ဝေပေးတာ မဟုတ်ဘူးနော် ဝယ်သုံးရတာ။ ကုန်ဈေးနှုန်းက မိုးပေါ်ရောက်နေသလို ငတ်တလှည့် ပြတ်တလှည့်နဲ့ အဘတို့ စစ်တပ်ရဲ့ စစ်ကြောင်းရန်ကြောင့် ထွက်‌ပြေးလို့ စစ်ဘေးရှောင်နေရသူတွေ ဘဝတွေ အသက်တွေ ပေးနေရတဲ့ အာဏာသိမ်း အာဏာရူး အကြမ်းဖက်တပ်တွေကို တော်လှန်နေရသူတွေကို ကမယ်ဆိုရင် သတိရကြပါ၊ ခုန်မယ်ဆိုရင် မြင်ယောင်ပေးကြပါ၊ ပျော်မယ်ဆိုရင် ကိုယ်ချင်းစာစိတ်လေး မွေးပေးကြပါ။

ကခုန် ပျော်မြူးနေသူတွေရဲ့ ရုပ်ပုံကားချပ်တွေက အခုဆို နိုင်ငံတကာ မျက်နှာစာတွေမှာ ဘယ်လိုရှုမြင် သုံးသပ်နေကြမလဲ၊ ပွဲကန်ထရိုက် အဘတွေကတော့ မျက်ဖြူစိုက်လေ ဆရာကြိုက်လေ ဆိုသလိုပဲ မျက်ဖြူလန်အောင် က,ခုန်နေလေ အဘကြိုက်လေပါပဲ။ ထုံးတမ်းအစဉ်အလာအရ ရိုးရာပွဲမို့ လုပ်ချင်သပဆို လုပ်ကြပါ။ တခုတော့ မမေ့မလျော့ သတိချပ်ပေးပါ။ ငါတို့ မြန်မာနိုင်ငံကြီး တကယ်ပဲ အေးချမ်းနေပြီလား၊ မြို့ပြ ကျေးရွာက ပြည်သူလူထုတွေရဲ့ဘဝ သာယာဝပြောနေပြီလား၊ ကျောင်းသားကလေးငယ်တွေ ငြိမ်းချမ်းစွာ ပညာသင်ကြားနေကြရပြီလား၊ ကျန်းမာရေးစောင့်ရှောက်မှု ဆေးဝါးကုသခံယူမှု အဆင်ပြေနေကြပြီလား၊ သက်ကြီးရွယ်အို ဘိုးဘွားတွေ ဘုရားရိပ် တရားရိပ်မှာ အပူပင်ကင်းမဲ့စွာ တရားဘဝနာ စီးဖြန်းနေနိုင်ကြပြီလားဆိုတာ သတိပြု တွေးတော စဉ်းစားပေးကြပါ။

၁၂ လရာသီ ၁၂ ပွဲတွေနဲ့အတူ နွေဦးတော်လှန်ရေး တိုက်ပွဲတွေကလည်း မရပ်မနား ကျင်းပနေကြမှာ ပွဲကြိုက်ခင်တို့ ပွဲကြိုက်မောင်တို့ ဘယ်ပွဲကို အားပေးကြမလဲ။ ဘဘကြီးပွဲနဲ့ နွေဦးပွဲ၊ ဘဘကြီးပွဲကြိုက်လို့ ဘဘကြီးပွဲ အားပေးကြမယ်ဆိုရင်ဖြင့် တော်လှန်ရေး သမိုင်းစာမျက်နှာမှာ တော်လှန်ရေးကို ယုတ်‌လျော့ အားပျော့ ပျက်ပြယ်စေမယ့် ဘဘကြီးသာဝရဲ့ နောက်လိုက် နောက်ပါ အလိုတူအလိုပါ သမိုင်းတရားခံတွေ ဖြစ်သွားမှာမို့ မဖြစ်ကြပါစေနဲ့လို့ အသိ သတိပေးရင်း ...။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013