DVB Logo
Home
မြန်မာသတင်း
အမေရိကန်က မြန်မာကို ရန်သူသဖွယ်သဘောထားနေဟု စစ်ခေါင်းဆောင်ပြော
DVB
·
October 27, 2023
အမေရိကန်က မြန်မာကို ရန်သူသဖွယ်သဘောထားနေဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ရန်သူသဖွယ် သဘောထားနေတယ်လို့ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေး မှာ ပြောခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ဝင်ရောက်စွက်ဖက်မှုတွေကို အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက စဉ်ဆက်မပြတ်ပြုလုပ်ခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

“မြန်မာနဲ့ အမေရိကန်ဟာ ရန်ဘက်နိုင်ငံတွေ မဟုတ်ကြောင်း၊ စစ်ဖြစ်ပွားဖူးခြင်းလည်း မရှိကြောင်း၊ ယုတ်ဆွအဆုံး အရှေ့တောင် အာရှမှာ အမေရိကန်ကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ ဗီယက်နမ် စစ်ပွဲမှာပင် မြန်မာတို့ပါဝင်ပတ်သက်မှုမရှိခဲ့ကြောင်း၊ ဒါပေမဲ့ ယနေ့ကာလ အထိ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအား ရန်သူသဖွယ်သဘောထားတာဟာ ကြီးမားတဲ့ နောက်ခံအကြောင်းရှိကြောင်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

အခုလက်ရှိအခြေအနေမှာလည်း အမေရိကန်ဦးဆောင်တဲ့ အုပ်စုရဲ့ ရည်မှန်းချက်မှာ မြန်မာ့ အိမ်နီးချင်း တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေး  (China Containment Policy) ပင်ဖြစ်ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံမှာ သူတို့လိုလားတဲ့ အစိုးရ/အုပ်စု အာဏာရရှိရေးကို တစိုက်မတ်မတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မရရှိခဲ့ပါက မြန်မာနိုင်ငံမှာ ကဏ္ဍပေါင်းစုံ မငြိမ်မသက်ဖြစ်အောင် ဆောင်ရွက်နေခြင်းဖြစ်‌‌ ကြောင်းလည်း စစ်ခေါင်းဆောင်က စွပ်စွဲပြောသွားပါတယ်။

အမေရိကန်ဩဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်တဲ့ နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ပိတ်ဆို့မှုတွေ ပြုလုပ် ခဲ့ကြကြောင်း၊ မိမိတို့ဟာ ဘဏ်စနစ်တစ်ခုတည်းနဲ့  ရှင်သန်ရပ်တည်ကုန်သွယ် နေတဲ့နိုင်ငံမဟုတ်ကြောင်း၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်မှု ကိစ္စတွေမှာ ငွေကြေးစနစ်တစ်ခု တည်းအပေါ် မှီခိုအားထားမှုမပြုဘဲ ငွေကြေး စနစ်အမျိုးမျိုးနဲ့ အသုံးပြုနိုင်ဆောင်ရွက်နေကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

စစ်ကောင်စီဝင်တွေအနေနဲ့လည်း သက်ဆိုင်ရာဒေသအလိုက် အတွေ့အကြုံ ရှိပြီးသူတွေဖြစ်တာကြောင့် နိုင်ငံရေး အခြေအနေအရပ်ရပ်ကို သုံးသပ် ဆောင်ရွက် သွားဖို့လည်း တိုက်တွန်း ပြောပါတယ်။

နိုင်ငံတကာအနေနဲ့လည်း မြန်မာနိုင်ငံရဲ့အခြေအနေကို အခုထက် ပိုကောင်းမွန်စေ ချင်ရင် ပိုပြီး ပူးပေါင်းဆောင်ရွက်သင့်ပြီး  စစ်ကောင်စီကို တော်လှန်ဆန့်ကျင်နေသူတွေကို အားပေးနေရင်တော့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ နှောင့်နှေးသွားနိုင်တယ်လို့လည်း ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်အဆက်ဆက်က ပြောခဲ့သလိုပဲ အခု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း မျိုးချစ်စိတ်ဓာတ်တွေ ရှင်သန်ထက်မြက်ဖို့၊ တိုင်းပြည်ကို ချစ်တဲ့စိတ်တွေရှိဖို့လိုကြောင်းပြောပြီး သူ့အနေနဲ့ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲတွေကို တက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဝင်တွေ အနေဖြင့်လည်း မိမိတို့ဒေသအလိုက် ထင်ရှားသည့်အခမ်းအနားတွေနဲ့ ပြည်သူအများနဲ့ သက်ဆိုင်တဲ့ ပွဲတွေကိုလည်း တက်ရောက်အားပေးကြဖို့လည်း စစ်ခေါင်းဆောင်က ပြောကြားသွားပါတယ်။

စစ်ခေါင်းဆောင်က သူ့လက်အောက်တာဝန်ရှိသူတွေကို ပွဲလမ်းသဘင်နဲ့ ပြည်သူတွေကြားထဲ သွားဖို့ တိုက်တွန်းပြောနေပေမဲ့ သူကိုယ်တိုင် လူထုကြားမှာ လုံခြုံရေးအပြည့်နဲ့ သွားလာနေရတာဖြစ်ပြီး စစ်ကောင်စီဝင်တွေဟာလည်း နေပြည်တော်မှာသာ သွားလာနိုင်ကြတာ ဖြစ်ပါတယ်။

လတ်တလော နိုင်ငံတဝန်းမှာ စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ရည်ရွယ်ချက်နဲ့ လက်နက်ကိုင် ခုခံတော်လှန်စစ်ပွဲတွေ ဆင်နွှဲနေကြတာဖြစ်ပြီး နေ့စဉ်လိုလို  ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရှိနေတာပါ။ 

PHOTO-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013