DVB Logo
Home
မြန်မာသတင်း
ဆေးကုသမှုခံယူသည့် မြန်မာဒုက္ခသည်များကို ထိုင်းက ဖမ်းဆီးငွေညှစ်နေ
DVB
·
October 27, 2023
ဆေးကုသမှုခံယူသည့် မြန်မာဒုက္ခသည်များကို ထိုင်းက ဖမ်းဆီးငွေညှစ်နေ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်ဒေသ မဲဆောက်မြို့မှာ အကြောင်းအမျိုးမျိုးနဲ့ ဆေးကုသမှုခံယူဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာဒုက္ခသည်တွေဟာ ထိုင်းအာဏာပိုင်တွေရဲ့ မတရားဖမ်းဆီးတာတွေ၊ ငွေညှစ်တာတွေ ခံနေကြရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ ဒီလုပ်ရပ်တွေကို တားဆီးပိတ်ပင်ပြီး ထိုင်းနိုင်ငံရောက် ဒုက္ခသည်တွေအတွက် ကာကွယ်ပေးနိုင်တဲ့ တရားဝင်အခြေအနေတရပ် စီစဉ် ဆောင်ရွက်ပေးသင့်တယ်လို့ တိုက်တွန်း ပြောလိုက်တာပါ။

Fortify Rights အဖွဲ့က Senior Advocacy Specialist ဖြစ်တဲ့ ပက်ထရစ် ဖော်န် စသွန်က “ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အများပြည်သူဆိုင်ရာ ကူညီထောက်ပံ့မှုများကို ရရှိနိုင်စေရန် ကာကွယ်ပေးနိုင်တဲ့ တရားဝင် အခြေအနေတရပ်ကို အရေးတကြီး လိုအပ်နေပါတယ်။ မဲဆောက်က ဒုက္ခသည်တွေဟာ အပြစ်ကျူးလွန်မှုကနေ ကင်းလွတ်ခွင့် အပြည့်အဝရနေတဲ့ နယ်မြေခံရဲတွေရဲ့ လက်ထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့သာ ရင်ဆိုင်နေရပါတယ်။ ဒီအရာရှိတွေရဲ့ လုပ်ရပ်နဲ့ အဲ့ဒီအရာတွေကနေ ကာကွယ်ပေးလို့ရတဲ့ ဥပဒေနဲ့ညီတဲ့ တရားဝင်အခြေအနေတွေ မရှိတာက ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်တွေအတွက် အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့ အနေအထားထိ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

Fortify Rights အနေနဲ့ အခုနှစ် ဇန်နဝါရီလကနေ စတင်ပြီးတော့ ထိုင်း-မြန်မာနယ်စပ်က အမျိုးသမီး ၈ ယောက် အပါအဝင် မြန်မာဒုက္ခသည် ၃၈ ယောက်ကို တွေ့ဆုံမေးမြန်းခဲ့တဲ့အပြင် နှစ်နိုင်ငံနယ်စပ်တလျှောက် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်အချက်အလက်တွေကို သိရှိပြီး ပြောပြပေးနိုင်သူ ၄ ယောက်နဲ့လည်း တွေ့ဆုံအပြီးမှာ ခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ မေးမြန်းခဲ့သူတွေရဲ့ လုံခြုံရေးအရ သူတို့ရဲ့ ဖြေကြားချက်တွေကို အမည်လွှဲပြောင်း ဖော်ပြထားခဲ့ပြီး အဲဒီထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုရယူဖို့ ဆေးခန်းအသွား လမ်းမှာ ထိုင်းအာဏာပိုင်တွေက စောင့်ဆိုင်းဖမ်းဆီးပြီး ရဲစခန်းကို ခေါ်ဆောင်ကာ နာရီနဲ့ချီ စစ်မေးတာတွေ၊ ခြိမ်းခြောက် ငွေညှစ်ခံရတာတွေအထိ ကျူးလွန်ခံရသူတွေလည်း ပါဝင်နေတာပါ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီရဲ့ ထုတ်ပြန်ချက်တွေအရ ထိုင်းနိုင်ငံ ယာယီဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာနိုင်ငံက ဝင်ရောက်ခိုလှုံနေကြတဲ့ ဒုက္ခသည်ပေါင်း ၉၀,၀၀၀ ကျော်ရှိနေပါတယ်။

အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုအပြီး မဲဆောက်နဲ့ ထိုင်းနိုင်ငံတဝန်းမှာ အရေအတွက် မဖော်ပြနိုင်တဲ့ တခြား ဒုက္ခသည်တွေ ခိုလှုံပုန်းအောင်းနေကြရတယ်လို့ Fortify Rights အဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်မှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းမှာ လာရောက်ခိုလှုံခဲ့တဲ့ မြန်မာဒုက္ခသည် ၄၀,၀၀၀ ကျော် ရှိခဲ့တယ်လို့ ထိုင်းအစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး သူတို့အားလုံးနီးပါး မြန်မာနိုင်ငံဆီ ပြန်သွားကြပြီလို့ ယုတ္တိမဲ့ ပြောဆိုထားတယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဒုက္ခသည်တွေကို အသိအမှတ်ပြု လက်ခံ ကာကွယ်ပေးထားတဲ့ ထိရောက်တဲ့ ဥပဒေမူဘောင် မရှိတာကြောင့် ဒုက္ခသည်တွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှု၊ ဒါမှမဟုတ် နေထိုင်မှု စတဲ့ ရာဇဝတ်မှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်နေကြရကာ မတရားဖမ်းဆီး ချုပ်နှောင်ခံနေရတဲ့အပြင် ထိုင်းနိုင်ငံမှာ တရားဝင်အခြေအနေမရှိတာက ရွှေ့ပြောင်း အလုပ်သမားတွေ အသုံးပြုတဲ့ ပြည်သူ့ကျန်းမာရေးအာမခံ အစီအစဉ်မှာလည်း အကျုံးမဝင်ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ပဋိညာဉ်စာချုပ်နဲ့ သူ့ရဲ့ မူကြမ်း (ပရိုတိုကော) ကို နှောင့်နှေးခြင်းမရှိဘဲ အတည်ပြုလက်မှတ်ရေးထိုးသင့်ပြီး တချိန်တည်းမှာပဲ တရားဝင် မှတ်ပုံတင်တာ၊ ယာယီ အကာအကွယ်ပေးနိုင်တဲ့ အခြေအနေ တရပ် ဆောင်ရွက်ပေးတာ၊ မြန်မာဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို တန်းတူရရှိခွင့် ပေးသင့်တယ်လို့လည်း Forty Rights အဖွဲ့က တောင်းဆိုထားပါတယ်။

Forty Rights အဖွဲ့က ပက်ထရစ် ဖော်န်စသွန်က “မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရာဇဝတ်မှု အန္တရာယ်တွေကနေ ထွက်ပြေးလာကြရတဲ့ လူတွေအပေါ် ထိုင်းနိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းတဲ့ အခြေခံနည်းလမ်းက ချို့ယွင်းမှု ပြဿနာတွေ ရှိနေပါတယ်။ ထိုင်းအစိုးရသစ်အနေနဲ့ ဒီဖြေရှင်းနည်းကို ပြောင်းလဲဖို့ အခွင့်အရေးရှိပါတယ်။ မည်သူတဦးတယောက်ကမှ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခြင်း၊ ဒုက္ခသည်ဖြစ်ခြင်းတို့ကြောင့် ဖမ်းဆီးခံရဖို့ မသင့်ပါဘူး” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013