DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက်က စစ်ကောင်စီ စခန်း အချို့ကျ၊ လားရှိုးလေဆိပ် ယာယီပိတ် ခရီးစဉ်များရပ်ဆိုင်း
DVB
·
October 27, 2023
ရှမ်းမြောက်က စစ်ကောင်စီ စခန်း အချို့ကျ၊ လားရှိုးလေဆိပ် ယာယီပိတ် ခရီးစဉ်များရပ်ဆိုင်း
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက် ဒီကနေ့မနက်  တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်းတပ်တွေရဲ့  တချိန်းတည်း တပြိုင်တည်း စီးနင်းတိုက်ခိုက်မှုကြောင့်  စစ်ကောင်စီတပ်တွေထိုင်ထားတဲ့  သိန္နီ  ၆၉ တပ် နဲ့ ရေပူဂိတ်၊ မုံးစီးဗျူဟာ၊ ချင်းရွှေဟော် ရေဖောင်ဆိပ်၊ အကောက်ခွန်၊ နမ့်ခမ်း ၁၃ မိုင်ဂိတ် နေရာတွေ ကျသွားပြီဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

နမ့်ခမ်း - နမ့်ဖတ်ကာ လမ်းပေါ်က စစ်ကောင်စီတပ်နဲ့ ပန်ဆေးပြည်သူ့စစ်တွေ ရောနေတဲ့ ၁၃ မိုင်စခန်းနဲ့ မိုင်ခရိုဝေ့စခန်းကို ဒီမနက် ၄ နာရီလောက်မှာ TNLA ဘက်က သွားရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။

"နမ့်ခမ်းက ၁၃ မိုင် စခန်းကျပြီ။ ဆေးရုံကနေ တက်သွားရင် အပေါ်ဘက်။ စခန်းသစ်နဲ့ ၁‌၃ မိုင် စခန်းက မတူဘူး" လို့ ဒေသခံ တဦးက ပြောပါတယ်။

လားရှိုး-မူဆယ် လမ်းမပေါ်မှာရှိတဲ့ ရေပူဂိတ်လည်း တိုက်ခိုက်ခံရပြီး သိန္နီမြို့က ၆၉ စစ်ကောင်စီတပ်လည်း ကျသွားပြီ ဖြစ်တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

"အလယ်ရုံးလည်း မီးလောင်သွားပြီ။ ညွှန်မှူးလည်းထိတယ်။ အခြားအဆင့်တွေလည်း ထိတယ်။ ၆၉ ကလည်း ဒီမှာ ကျကုန်ပြီ။ တံတားမှာလည်း ကျကုန်ပြီ။”

ချင်းရွှေဟော်ဘက်က ရေဖောင်‌ဆိပ်တွေနဲ့ အ‌ကောက်ခွန်တွေလည်း ကျသွားကြောင်း ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။

"ဖောင်ဆိပ်က ဟိုပန်သွားတဲ့ လမ်းကြောလေ။ အဲမှာ ဂိတ်တခုရယ်၊ ချင်းရွှေဟော်ဂိတ်။ အကုန်ကျပြီ။ သိန္နီမှာလည်း တံတားခွဲနေတယ်လို့ပြောတယ်” လို့ နယ်စပ် ကုန်သည် တဦးက ပြောပါတယ်။

အကောက်ခွန်တွေလည်း ကျကုန်ပြီလို့ ချင်းရွှေဟော်ရောက်နေတဲ့ လူငယ်တဦးက ပြောပါတယ်။ ဟိုပန်တံတားလည်း ကျိုးသွားပြီး တိုက်ပွဲမှာ ထိခိုက်သေဆုံးသူတွေများပေမဲ့ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

လောက်ကိုင်မှာလည်းတိုက်ပွဲ ပြင်းထန်နေပြီး ကျာဖျန် (ငွေလိမ်) ရုံက လူတချို့ကို ကိုးကန့် MNDAA ဘက်က ဖမ်းဆီးတာရှိကာ မြန်မာနိုင်ငံသား ဝန်ထမ်းတချို့လည်း ဖရိုဖရဲ တရုတ်ဘက်ထဲရော ထွက်ပြေးကြတာတွေ့တယ်လို့ ဒေသခံ အမျိုးသား ၁ ဦးက ပြောပါတယ်။

ဒီမနက်မှာ လားရှိုး ၆၈ စစ်ကောင်စီတပ်၊ အမှတ် ၂ ရဲစခန်း၊ အေတီ တံတားအစောင့်၊ ‌တိုးဂိတ် နဲ့ ၄၁ တပ် အဟောင်းတွေကို တိုက်ခိုက်ခံရပြီး တိုးဂိတ်မှာ‌တော့ လူသူထိခိုက်မှု ရှိတယ်လို့ ဒေသခံ အမျိုးသမီး ၁ ဦးက ပြောပါတယ်။

ပစ်ခိုက်တိုက်ခိုက်မှုတွေကြောင့် လားရှိုးမြို့ လေယာဥ်ကွင်းကို တာဝန်ရှိသူတွေက ဒီမနက် ၉ နာရီမှာ ယာယီပိတ်ခဲ့ပြီး ခရီးစဥ်အားလုံး ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

လားရှိုးမြို့ခံတဦးက “လေဆိပ်ပစ်ခံရတာ။ လေကြောင်းလိုင်းတွေ အကုန်ရပ်လိုက်ပြီ။ မြို့တွင်း မြို့ပြင် အသွားအလာ ကန့်သတ်ပြီ။ ရပ်ကွက်ထဲလောက်ပဲ သွားလို့ရတဲ့ အနေအထား ဖြစ်နေပြီ။ ခုထိလည်း ပစ်နေတုန်းပဲ၊ မနားဘူး” လို့ ပြောပါတယ်။

နေ့ခင်းဘက်ရောက်တဲ့ထိ လက်နက်ကြီးပစ်ခတ်သံ၊ လက်နက်ငယ်သံတွေ ဆက်တိုက် ကြားနေရပြီး လားရှိုးမြို့တွင်း အစစ်အဆေး တင်းကျပ်လာနိုင်ကြောင်းလည်း ဆိုပါတယ်။

လေဆိပ်ကို ထိခိုက်ပျက်စီးမှုနဲ့ အခြေအနေတွေကို မသိရသေးသလို ဘယ်အချိန်မှာ ပြန်ဖွင့်နိုင်မယ် ဆိုတာကိုလည်း ​မသိရသေးဘူးလို့ လေဆိပ်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကတဆင့် သိရပါတယ်။

လက်ရှိမှာတော့ တရုတ်-မြန်မာ ကုန်သွယ်ရေး အဓိက လမ်းမဖြစ်တဲ့ လားရှိုး - ချင်းရွှေဟော် ကုန်သွယ်ရာလမ်းနဲ့ လားရှိုး-ဆယ် ကုန်သွယ်ရာလမ်းကိုလည်း ပိတ်ထားပါတယ်။

ကွတ်ခိုင်မြို့နယ် နယ်မုံးစီးက စစ်ကောင်စီဗျူဟာ စခန်းလည်း ကျသွားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်နေပါတယ်။

ဒီကနေ့ မနက်ပိုင်းကစ ရှမ်းပြည်နယ်မြောက်ပိုင်းနေရာ အနှံ့အပြားရှိ စစ်ကောင်စီ တပ်စခန်းတွေကို မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့က  ပူးပေါင်းတပ်တွေ တပြိုင်ထဲ ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

လားရှိုး-မူဆယ် လမ်းမကြီးတလျှောက် စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းတပ်မတော် TNLA တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သလို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့လည်း ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013