
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လဝကရုံးအဟောင်းမှာ တပ်စွဲထားတဲ့ စစ်သား ၄ ဦး ဈေးဝယ်ထွက်လာချိန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့က အလစ်ငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့တယ်လို့ Golden Eagle Forceအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂၆ ရက် မနက် ၈ နာရီက မုံရွာ-အမြင့်လမ်းထိပ် လဝကရုံးအဟောင်းထဲမှ စစ်သား ၄ ဦး ရပ်ကွက်ထဲရှိ စတိုးဆိုင်ကို ဈေးဝယ်ဖို့ထွက်လာခဲ့ချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့ပြီး ကျန် ၂ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားရာနေရာဟာ စစ်ကောင်စီ အင်အား ၂၀ ကျော် တပ်စွဲထားတဲ့ လဝကရုံးအဟောင်းနဲ့ ကိုက် ၁၀၀ လောက်သာဝေးပြီတယ်လို့ Golden Eagle Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"ဒီစတိုးဆိုင်ကို နေ့တိုင်းလိုလို စစ်သားတွေ မနက်စာစားဖို့ လာဝယ်ကြတယ်လို့ သတင်းကြားကတည်းက စောင့်ကြည့်ခဲ့တာ၊ ဒီနေ့ကျမှ စောင့်ကြိုတိုက်ခိုက်ခဲ့တာ။ စစ်သားတွေကတော့ အရပ်ဝတ်နဲ့ လက်နက်တွေတော့ ကိုင်လာကြတယ်။"
တိုက်ခိုက်မှုအပြီးမှာ လဝကရုံးအဟောင်းထဲက စစ်သားတွေ တပ်ကူအဖြစ်ရောက်ရှိလာကာ အနီးနားကို ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် အရပ်သားအမျိုးသားတယောက်ရဲ့ ခြေထောက်ကို ကျည်ထိမှန်ခဲ့ပြီး ဖြစ်ပွားရာနေရာမှာရှိတဲ့ ပြည်သူတချို့ကိုလည်း စစ်ဆေးမေးမြန်ဖို့ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Golden Eagle Force-Monywa ၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့(မုံရွာ)၊ Ka Naung Min Thar Gyi(Monywa) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် မနက် ၇ နာရီကလည်း ၅၀၈ အမြောက်တပ်က သာစည်ရွာ အကျဉ်းထောင်ကို ထွက်ခွာလာတဲ့ စစ်ကြောင်းက နောက်ဆုံးကျန်ခဲ့တဲ့ စစ်သား ၃ ဦးကို ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး-မုံရွာကူး ဇက်ဆိပ်ကို အောက်တိုဘာ ၂၆ ရက် မနက် ၇ နာရီလောက်က ညောင်ပင်ကြီးရဲစခန်းကနေ ဆက်ကြေးလာကောက်တဲ့ စစ်သား ၅ ဦး ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင်တွေ့ရှိသူတဦးက “မထင်မှတ်ဘဲကို ရုတ်တရက် အပစ်ခံလိုက်ရတယ်လို့ ပြောရမယ်။ စစ်ကောင်စီတွေ ဘာမှ လှုပ်ရှားချိန်တောင် မရလိုက်ဘူး။ PDF ဘက်က လှုပ်ရှားတာ မြန်ချက်ကတော့ ၁၀ မိနစ်လောက်ပဲ ကြာလိုက်တယ်ထင်တယ်။ သေနတ်တွေပါ သိမ်းသွားတယ်” လို့ ပြောပါတယ်။
ပစ်ခတ်ခံရတာကြောင့် စစ်သား ၄ ဦး သေဆုံးကာ ၁ ဦးကတော့ အပြင်းအထန် ဒဏ်ရာရသွားတယ်လို့လည်း ဆိုပါတယ်။
တွေ့ရာသင်္ချိုင်း ဓားမဆိုင်းအဖွဲ့ တပ်ရင်းမှူး စွမ်းသူမောင်က “ကျနော်တို့ကတော့ ကျည် ၇ တောင့်နဲ့ G3 တလက်ပဲ ရခဲ့တယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
အခုတိုက်ပွဲကို ဆားလင်းကြီးမြို့နယ် တွေ့ရာသင်္ချိုင်း ဓားမဆိုင်းအဖွဲ့နဲ့ တပ်ခွဲ-၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့နယ် အရှေ့ဘုန်းကန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရော့ကက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Young Force UG ရဲ့ ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပေမယ့် အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို Young Force UG၊Phoenix Ranger PDF(မြိုင်)၊ ပခုက္ကူပကဖ တပ်ခွဲ ၂က ရွှေညာမြေ-PDF နဲ့ Pakokku Ranger တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။
ပခုက္ကူမြို့နယ် ဘုန်းကန်ရွာနားမှာ အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ ၁၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ်ပကဖကနေ သိရပါတယ်။
မကွေးတိုင်း နတ်မောက်မြို့နယ်မှာလည်း အောက်တိုဘာ ၂၆ ရက် မနက်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု ပစ်ခတ်တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု OPRF-PLA ကနေ သိရပါတယ်။
နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာ ကားလမ်းထိပ်က စစ်ကောင်စီရဲ့ ဂိတ်စခန်းတခုကို အောက်တိုဘာ ၂၆ ရက်နေ့ မနက် ၆ နာရီလောက်မှာ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ OPRF-PLA ရဲ့ တာဝန်ခံ ရဲဘော်ကျော်ကြီးက DVB ကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးတာကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း၊ စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေပြုလုပ်ကြပေမယ့် ပြည်သူ့ကာကွယ်ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြကြောင်း၊ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က အဲဒီစစ်ဆေးရေးဂိတ်ကို အင်အားတွေဖြည့်တင်းပြီး အနီးပတ်ဝန်းကျင်တွေကို လိုက်လံရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို DVB က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။










